‌ပွင့်ဖြူမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် သင်ရိုးသစ် Grade – 5 မြို့နယ်အဆင့် သင်တန်းဖွင့်လှစ်ပို့ချ

ပွင့်ဖြူ ဒီဇင်ဘာ ၂၅

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ပညာရေးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် သင်ရိုးသစ် (Grade – 5) မြို့နယ်အဆင့် သင်တန်းကို ဒီဇင်ဘာ ၂၃ ရက်နေ့မှ စတင်ကာ ပွင့်ဖြူမြို့၊ အခြေခံပညာ အထက်တန်းကျောင်း၌ ဖွင့်လှစ်သင်ကြားပေးလျက် ရှိကြောင်း ပွင့်ဖြူမြို့နယ်ပညာ ရေးမှူးရုံးမှ သိရသည်။

အဆိုပါ သင်တန်းသို့ မြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းကျောင်းအုပ် ဆရာ/ ဆရာမများနှင့် လက်ထောက် မူလတန်းပြ ဆရာ/ ဆရာမများ တက်ရောက်သင်ကြားခဲ့ပြီး သင်တန်းတွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံဘာသာရပ်၊ လူမှုရေးဘာသာရပ်၊ ပြည်သူ့နီတိ၊ ကာယ၊ ပန်းချီ၊ စာရိတ္တ စသည့် (Grade–5) သင်ရိုးသစ် ဘာသာရပ်ဆိုင်ရာများကို မြို့နယ်ပညာရေးမှူး၏ ကြီးကြပ်မှုဖြင့် သင်တန်းနည်းပြ ဆရာ/ ဆရာမ ၈ ဦးတို့က စာတွေ့လက်တွေ့ စနစ်တကျ ဖွင့်လှစ်ပို့ချသင်ကြားပေးလျက်ရှိကြောင်း သိရ သည်။

ယင်းသင်တန်းကို မြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းကျောင်းအုပ် ဆရာ/ဆရာမများနှင့် လက်ထောက်မူလတန်းပြ ဆရာ/ဆရာမများ၊ စု‌စုပေါင်း သင်တန်းသားဦးရေ ၁၄၁ ဦး တက်ရောက်သင်ကြားခဲ့ကြောင်းနှင့် သင်တန်းအား ဆရာ/ဆရာမများ လုပ်ငန်းစွမ်းဆောင်ရည် တိုးတက် စေရန်နှင့် ဘာသာရပ်သင်ခန်းစာများကို ကျွမ်းကျင်ပိုင်နိုင်စွာ သင်ကြားပေးနိုင်ရေးအတွက် ယခုလ ၂၃ ရက်နေ့မှ ၂၆ ရက်နေ့အထိ ဖွင့်လှစ်ပို့ချ သင်ကြားပေးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ပညာရေးမှူး ဒေါ်ညွန့်ညွန့်ဌေးထံမှ သိရသည်။   

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)