သီတဂူဆရာတော် ဦးဆောင်သည့် သီတဂူ နယ်လှည့်မျက်စိအထူးကု ဆရာဝန်ကြီးများအဖွဲ့မှ မြိတ်ခရိုင်အတွင်းရှိ ရဟန်း၊ ရှင်၊ လူ၊ ပြည်သူများ၏ မျက်စိရောဂါဝေဒနာများအား ဒုတိယအကြိမ် အခမဲ့စမ်းသပ်ခွဲစိတ်ကုသပေး

မြိတ် ဒီဇင်ဘာ ၂၅

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ တပ်ပြင်ရပ် စပါးရွှေဝါလမ်းရှိ သီတဂူဇီဝိတဒါန, စက္ခုဒါန ဆေးရုံတွင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏အဓိပတိ သီတဂူ ဆရာတော် ဦးဆောင်သည့် သီတဂူနယ်လှည့်မျက်စိအထူးကု ဆရာဝန်ကြီးများအဖွဲ့မှ မြိတ်ခရိုင် အတွင်းရှိ ရဟန်း၊ ရှင်၊ လူပြည်သူများ၏ မျက်စိရောဂါဝေဒနာရှင်များအား ယနေ့တွင် ဒုတိယအကြိမ်အခမဲ့စမ်းသပ်ခွဲစိတ်ကုသပေးလျက်ရှိသည်။

မြိတ်ခရိုင်အတွင်းရှိ ရဟန်း၊ ရှင်၊ လူ ပြည်သူများ၏ မျက်စိရောဂါ ဝေဒနာရှင်များ စမ်းသပ် စစ်ဆေးဆောင်ရွက်ပေးနေမှုအား ကမ္ဘာ့သာသနာပြု ရွှေကျင်နိကာယ သာသနာပိုင်၊ နိုင်ငံတော် ဩဝါဒါစရိယ၊ သီတဂူ ကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏အဓိပတိ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ၊ မဟာဓမ္မကထိက ဗဟုဇန ဟိတဓရ၊ သီတဂူ ဆရာတော်ကြီး ဒေါက်တာ အရှင်ဉာဏိဿရ၊ တနင်္သာရီတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်စွာဦး၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြသည်။

မျက်စိရောဂါဝေဒနာရှင်များအား ခွဲစိတ်ကုသရန် လိုအပ်သူများကို ခွဲစိတ်ကုသပေးနိုင်ရန် ရေတိမ်စမ်း သပ်စက်၊ ပါဝါစမ်းသပ်စက်၊ မျက်စိအခြားရောဂါစမ်းသပ်စက်တို့ဖြင့် အထူးကု ဆရာဝန်ကြီးများနှင့် အဖွဲ့မှ အမြင်စမ်းသပ်ခြင်း၊ မျက်တွင်းမှန်တိုင်းခြင်း၊ ရေချိန်တိုင်းခြင်းကို စမ်းသပ်စစ်ဆေးဆောင်ရွက်ပေးလျက်ရှိရာ မျက်စိရော ဂါဝေဒနာများကို လာရောက်စမ်းသပ် စစ်ဆေးကုသမှုခံယူကြသည့် ရဟန်း၊ ရှင်၊ လူ ပြည်သူများအား သီတဂူဆရာတော်ကြီးမှ အားပေးစကားများ မိန့်ကြားပြီး ဆရာတော်ကြီးသည် ဝန်ကြီးချုပ်၊ တာဝန်ရှိသူများနှင့်အတူ မျက်စိရောဂါဝေဒနာရှင်များအား စမ်းသပ်စစ်ဆေးဆောင်ရွက်ပေးနေမှုနှင့် ခွဲစိတ်ခန်းအား ကြည့်ရှုခဲ့ပြီး လိုအပ်သည်များကို မိန့်ကြားသည်။

မြိတ်ခရိုင်ရှိ မျက်စိခွဲစိတ်ကုသရန်လိုအပ်သည့် ဝေဒနာရှင်များကို ဆေးရုံခွဲစိတ်ခန်းအတွင်း မျက်စိခွဲစိတ် ကုသပေးသည့်စက်(၃)စုံ၊ ခွဲစိတ်ကုတင်(၄)လုံးတို့ဖြင့် ယနေ့မှစတင်၍ ခွဲစိတ်ကုသ ပေးလျက်ရှိကာ နားနေဆောင်များဖြင့် ဒီဇင်ဘာ(၃၀)ရက်အထိ အခမဲ့စမ်းသပ်စစ်ဆေး ခွဲစိတ် ကုသ အလင်းဒါနပြုပေးသွားမည်ဖြစ်သည်။ မျက်စိရောဂါဝေဒနာရှင်များအား စမ်းသပ်ခွဲစိတ် ကုသပေးခြင်းကို တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊  မြိတ်မြို့ သီတဂူဇီဝိတဒါနစက္ခုဒါနဆေးရုံ စီမံစောင့်ရှောက်ရေးအဖွဲ့၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီနှင့် ပရဟိတအသင်းအဖွဲ့များမှ ကူညီဆောင်ရွက်ပေးလျက်ရှိကြပြီး မျက်စိရောဂါ ဝေဒနာများကို ဆေးကုသမှုခံယူရန် စာရင်းပေးထားရှိသူ(၁၅၂၅)ဦးရှိကြောင်း သိရသည်။

သီတဂူ ဆရာတော်ကြီး၏ သာသနာပြုလုပ်ငန်းများအတွက် နဝကမ္မအလှူငွေ စုစုပေါင်း ကျပ်သိန်း (၂၉၀) ကို ဝန်ကြီးချုပ်၊ တိုင်းမှူး၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ လုပ်ငန်းရှင်များက မြိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဧည့်ရိပ်သာတွင် သီတဂူဆရာတော်ထံ လှူဒါန်းရာ ဦးစွာ ဝန်ကြီးချုပ်နှင့် အဖွဲ့မှ ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး နဝကမ္မ အလှူငွေများကို ဝန်ကြီးချုပ်နှင့် အဖွဲ့မှ ဆရာတော် ထံ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)