ပေါင်းတည် ဒီဇင်ဘာ ၂၅
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ပေါင်းတည်မြို့နယ်၌ ခရစ္စမတ်နေ့အထိမ်းအမှတ်ဖြင့် ဝတ်ပြုဆုတောင်းခြင်း၊ မိတ်ဆုံစားခြင်းနှင့်ပျော်ပွဲရွှင်ပွဲများကို ယနေ့နံနက် ၈နာရီက စျေး(၂)ရပ်ကွက်၊ တာပွန်လမ်းရှိ နှစ်ခြင်းအသင်းတော် မိသားစုတို့၏ ခရစ်ယာန်ကျောင်းဝင်းအတွင်း အောက်မေ့ဘွယ်ခန်းမဆောင်တွင် ကျင်းပြုလုပ်သည်။
ပထမဦးစွာ ဝတ်ပြုဆုတောင်းခြင်းများ ပြုလုပ်ရာတွင် ပေါင်းတည်တပည့်တော်စုမှ သင်းအုပ်ဆရာ ဦးဆောင်သည့် မြို့နယ်အတွင်းရှိ အသင်းတော်မိသားစုများနှင့်အတူ ပဏာမကျမ်းစာဖတ်ကြားခြင်း၊ ဂုဏ်ပြုတေးသီဆိုကြခြင်း၊ တရားဒေသနာတော်ဖတ်ကြားခြင်း၊ ဓမ္မဒေသနာတော်များဖတ်ကြားခြင်း၊ မေတ္တာပို့ဆုတောင်းကြခြင်း၊ ဓမ္မတေးသီချင်းများ စုပေါင်းသီဆိုကြခြင်း၊ ခရစ်တော်အား ကျေးဇူးတော်ချီးမွန်းကြခြင်းနှင့် ကောင်းချီးမင်္ဂလာပေး ဆုတောင်းခြင်းများ ပြုလုပ်ခဲ့ကြသည်။
ထို့နောက် သင်းအုပ်ဆရာနှင့်အတူ ပေါင်းတည်မြို့နယ်ရှိ အသင်းတော်မိသားစုများက ဖိတ်ကြားထားသည့် ဧည့်သည်တော်များအား မုန့်ဟင်းခါးဖြင့် ဧည့်ခံကျွေးမွေးခြင်းများ ပြုလုပ်ခဲ့ကြပြီး အသင်းတော်မိသားစုများ၊ ပါဝင်ကူညီကြသည့် မိတ်ဆွေသင်္ဂဟများ၊ မိတ်ဆုံစားကြသည့် ဧည့်သည်တော်တို့အား အထူးကံစမ်းမဲနှိုက်အစီအစဉ်များ၊ ဓမ္မတေးသီဆိုယှဉ်ပြိုင်မှုများ၊ မုန့်စားပြိုင်ပွဲများဖြင့် ခရစ်တော်မွေးနေ့ကို ပျော်ရွှင်စွာဖြင့် ဂုဏ်ပြုကြိုဆိုခဲ့ကြကြောင်း သိရသည်။
သူရကြီး(ပေါင်းတည်)