ပခုက္ကူမြို့၌ ဂေါက်ကွင်းမြေနှင့်သာသနာ့ဗိမာန်မြေတို့အား ရွှေချောင်းရေတိုက်စားမှုဒဏ်မှ ကာကွယ်နိုင်ရေးလုပ်ငန်းဆောင်ရွက်မှု ၄၅ရာခိုင်နှုန်းကျော် ပြီးစီး

ပခုက္ကူ ဒီဇင်ဘာ ၂၅

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ ဂေါက်ကွင်းမြေနှင့်သာသနာ့ဗိမာန်မြေတို့အား နှစ်စဉ်မိုးရာသီကာလများအတွင်း ရေကြီးရေလျှံမှုများနှင့်ရေတိုက်စားမှုဒဏ်မှ ကာကွယ်နိုင်ရန် ရည်ရွယ်၍ ကွန်ကရစ်ပိုင်အခြေပြု ကျောက်စီမြေထိန်းတံမံတည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်မှုကို ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ၁၈ရက်နေ့မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ ၄၅ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

ပခုက္ကူမြို့ပေါ်ရပ်ကွက်၌ ရွှေချောင်းရေတိုက်စားမှု ကာကွယ်နိုင်ရန် ရည်ရွယ်ပြီး ၂၀၂၃−၂၀၂၄ခု ဘဏ္ဍာရေးနှစ်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေ ကျပ်၄၉၁သန်းဖြင့် ရေစီးကြောင်းမှန်ကန်စေရေး၊ ကမ်းပါပြိုရေတိုက်စားမှုကြောင့် အမှတ်(၁)ရပ်ကွက်၌ ဂေါက်ကွင်းမြေ၊ သာသနာ့ဗိမာန်မြေနှင့် လူနေအိမ်များ ထိခိုက်ပျက်စီးမှုမရှိစေရေးအတွက် အလျားပေ၄၅၀ရှိ ကွန်ကရစ်ပိုင်အခြေပြု ကျောက်စီမြေထိန်းတမံတည်ဆောက်ခြင်းလုပ်ငန်း၊ ရေလမ်း ကြောင်းကောင်းမွန်ရေးလုပ်ငန်းနှင့် ရေလမ်းလွှဲခြင်းလုပ်ငန်းများကို ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ၁၈ရက်နေ့မှစတင်၍ ရွှေထွဋ်ပိုင်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ခဲ့ရာ ယနေ့အထိ ၄၅ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကြောင်း၊ လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းအရည်အသွေးများနှင့်ကိုက်ညီရေးနှင့် သတ်မှတ်ကာလအတွင်း ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးနိုင်ရေးအတွက် တိုင်းဒေသကြီးရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပခုက္ကူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးနေမျိုးအောင်နှင့် တာဝန်ရှိသူများနှင့်အတူ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း တာဝန်ခံအင်ဂျင်နီယာဦးရဲကျော်ပိုင်က ပြောသည်။

အဆိုပါ ရွှေချောင်းရေတိုက်စားမှုလုပ်ငန်း ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပါက ပခုက္ကူမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ ဂေါက်ကွင်းမြေ၊ သာသနာ့ဗိမာန်မြေနှင့်ရပ်ကွက်အတွင်း လူနေအိမ်များအား ရေတိုက်စားမှုဒဏ်မှ ကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

ဆလိုင်းကိုကီး