သဲကုန်း အောက်တိုဘာ ၂၇
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ ဆင်မြီးဆွဲမြို့တွင် လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် 33/11 kV (10)MVA ဓာတ်အားခွဲရုံတည်ဆောက်ခဲ့ရာ ယခုဆိုလျှင် ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ပြီး အဆိုပါ ဓာတ်အားခွဲရုံမှ ဓာတ်အားဆက်လက် ဖြန့်ဖြူးနိုင်ရေးအတွက် တာဝန်ရှိသူများမှ ကြိုးစား ဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည်။
"ယခုလို 10 MVA ခွဲရုံတည်ဆောက်ပေးခြင်းအတွက် ဆင်မြီးဆွဲမြို့မှာရှိတဲ့ မြို့ပေါ် ရပ်ကွက်(၃) ရပ်ကွက်၊ ကျေးရွာပေါင်း(၈၂)ရွာ၊ အိမ်ခြေ(၅၂၀၉)၊ အိမ်ထောင်စု (၅၃၆၀)စုတို့အား လျှပ်စစ် ဗို့အား ပြည့်ဝစွာ သုံးစွဲနိုင်မည့် အကျိုးကျေးဇူးများရရှိမှာဖြစ်ပါတယ်"ဟု ဆင်မြီးဆွဲမြို့ လျှပ်စစ်မှူးဦးကျော်ဌေးက ပြောကြားခဲ့သည်။
အဆိုပါဓာတ်အားခွဲရုံမှာ နိုင်ငံတကာအဆင့်မှီခွဲရုံဖြစ်ပြီးအတွင်းရှိ ဆက်စပ်ပစ္စည်းများမှာလည်း Auto System စနစ်ဖြင့် တပ်ဆင်အသုံးပြုထားကာ အဆောက်အဦအမျိုးအစားမှာ RC အမျိုးအစား ဖြစ်၍ အဆောက်အဦအကျယ်အဝန်းမှာ ၄၅ ပေ×၃၀ပေ ရှိကြောင်း ဆင်မြီးဆွဲမြို့ လျှပ်စစ်အင်ဂျင်နီယာရုံးမှ သိရှိရသည်။
နိုင်လင်း(သဲကုန်းပြန်/ဆက်)