မြန်မာတို့၏ ရိုးရာယဉ်ကျေးမှုနှင့်ဝတ်စားဆင်ယင်ထုံးဖွဲ့မှုများ

မင်းဘူး ဒီဇင်ဘာ၂၅

မြန်မာတို့သည် ရိုးရာယဉ်ကျေးမှုဟုခေါ်သော မိမိတို့၏ယဉ်ကျေးမှုဓလေ့စရိုက်များကို အစဉ်ထိန်းသိမ်းကြသည့် လူမျိုးများဖြစ်ကြပြီး၊ ကိုယ့်ထီးကိုယ့်နန်းကိုယ့်ကြငှန်းဖြင့် နေထိုင်ခဲ့ကြသည့်အားလျှော်စွာ တိုင်းတစ်ပါးယဉ်ကျေးမှုများကို အထင်မကြီးဘဲ မိမိတို့၏ကိုယ်ပိုင်ယဉ်ကျေးမှုများကိုသာ ဆက်လက်ထိန်းသိမ်း စောင့်ရှောက်လာကြသောသူများ ဖြစ်ပေသည်။

ထိုရိုးရာယဉ်ကျေးမှုများထဲတွင် ဝတ်စားဆင်ယင်ထုံးဖွဲ့မှုလည်း ပါဝင်ပေသည်။ မြန်မာတို့သည် ဝတ်စားဆင်ယင်မှုများကို ယဉ်ကျေးမှုအမွေအနှစ်တစ်ရပ်အနေဖြင့် ပြန်လည်ဖော်ထုတ် ပြသသည့်အခါတွင် ချန်ထား၍မရခြင်းက ပျူခေတ်ယဉ်ကျေးမှုများပင် ဖြစ်ပေသည်။ ပျူခေတ်တွင် မြို့ပြများ တည်ထောင်ပြီး၊ ယဉ်ကျေးမှုအမွေအနှစ်များ ထွန်းကားလာကာ ယဉ်ကျေးသိမ်မွေ့စွာ ဝတ်စားဆင်ယင်ပုံများလည်း တည်ရှိနေခဲ့ကြောင်း သိရသည်။

ပျူခေတ်တွင် ယက်ကန်းလုပ်သည့် ပညာများထွန်းကားလျက်ရှိရာ ရိုးရာအဝတ်အထည်များကို ရက်လုပ်ဝတ်ဆင်တဲ့အခါ အလွန်ရှားပါးပြီး၊ တန်ဖိုးကြီးသော လက်ဝတ်ရတနာများကို တွဲဖက်ဝတ်ဆင်ကြသည့် ဓလေ့ရှိခဲ့ကြသည်။ ယင်းခေတ်ဝတ်စားဆင်ယင်မှုများက မြန်မာ့ယဉ်ကျေးမှု ဟန်ပန်များနှင့် လူနေမှုအကျင့်စရိုက်များကို ဖော်ကျူးနေသကဲ့သို့ ဖြစ်ပင်သည်။

ပုဂံခေတ်၌ ဝတ်စားဆင်ယင်မှုများသည်။ ပျူခေတ်အကုန် ယဉ်ကျေးမှုများကို အမွေဆက်ခံထားသော ပျူဂါမမှ တဆင့် ပုဂါမ၊ ပုဂါမမှ တဆင့် ပုဂံယဉ်ကျေးမှုဟု ဖြစ်လာခဲ့သည့် မြန်မာတို့၏ ဝတ်စားဆင်ယင်မှုများပင်ဖြစ်သည်။ ပုဂံခေတ်ဝတ်စားဆင်ယင်ပုံများကို ဘုရားများ၊ ကျောင်းများနှင့် လိုဏ်ဂူများ၏ နံရံဆေးပန်းချီများတွင့် တွေ့မြင်လေ့လာနိုင်ပေသည်။ ပုဂံခေတ်တွင် ပိတ်စများ ထုတ်လုပ်နေပြီဖြစ်ကာ ၎င်းတို့ထုတ်လုပ်သော ပိတ်စများကို ခန္ဓာကိုယ်တွင်ပတ်၍ ဝတ်ဆင်ကြပြီး၊ ထိုဝတ်စားဆင်ယင်မှုသည် ပုဂံခေတ်၏ ပြယုဂ်တစ်ခုဖြစ်ကြောင်း ပြသနေခြင်းကို ပုဂံဘုရားများနှင့် လိုဏ်ဂူများတွင် ရေးဆွဲထားသည့် နံရံဆေးပန်းချီများကို ကြည့်ခြင်းဖြင့် သိရှိနိုင်ပါသည်။

မြန်မာ့ရိုးရာဝတ်စားဆင်ယင်မှုသည် ယဉ်သည်၊ လှသည်၊ ရိုးရှင်းသည်၊ ကျက်သရေရှိသည်၊ က္ကန္ဒြေရှိ၍ မြတ်နိုးဖွယ်ရာကောင်းပြီး မြင်သူတကာတို့၏ စိတ်ဘဝင်ကို အေးချမ်းစေသောကြောင့် ကမ္ဘာကပင် လေးစားအားကျ ဂုဏ်ယူလောက်သည့် ဝတ်စားဆင်ယင် ထုံးဖွဲ့မှုများ ဖြစ်ပေသည်။ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်းစသည့် တိုင်းရင်းသားများတွင်လည်း သူတို့ဓလေ့ယဉ်ကျေးမှုများနှင့် ကိုယ်ပိုင် ဝတ်စားဆင်ယင်မှုရှိကြသည်။

မျက်မောက်ခေတ် မြန်မာအမျိုးသား၊ အမျိုးသမီးလေးများသည် ပျူခေတ်၊ ပုဂံခေတ်များနဲ့ မတူဘဲ တိုက်ပုံပုဆိုးများနှင့် ရင်ဖုံးအင်္ကျီ၊ ထဘီများကိုဝတ်ဆင်ကာ ရိုးရိုးယဉ်ယဉ်ကလေးများဖြင့် ဝတ်စားဆင်ယင်နေထိုင်ကြပြီး ဘုရားသွားကျောင်းတက် အလှူမင်္ဂလာပွဲလမ်းသဘင်များတွင်လည်း မြန်မာဝတ်စုံလေးများဖြင့် ကျက်သရေရှိရှိ ဝတ်ဆင်လာကြသူများ ဖြစ်ကြပါသည်။

ဤကဲ့သို့ မြန်မာ့ရိုးရာယဉ်ကျေးမှုများနှင့် ထုံမွမ်းနေသည့် ဝတ်စားဆင်ယင်မှုများဟာ မြန်မာလူမျိုးများ၏ လူနေမှုအကျင့်စရိုက် လက္ခဏာများကို ဖော်ကျူးပြသနေသော သမိုင်းအစဉ်အလာ မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်တစ်ခုဖြစ်တာကြောင့် တန်ဖိုးထားပြီး၊ မပျောက်မပျက် မတိမ်ကောရလေအောင် ယနေ့‌ခေတ် မောင်မယ်လေးများက ဆက်လက်ထိန်းသိမ်းရပေဦးမည်။

ဇေယျာထက်(မင်းဘူး)