မြိတ် ဒီဇင်ဘာ ၂၅
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အတူ ယမန်နေ့ နေ့လယ်ပိုင်း က မြိတ်ကော်ပိုရေးရှင်း အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက် အစည်းအဝေးခန်းမတွင် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ မြိတ်ခရိုင် ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များအား ထောက်ပံ့ပစ္စည်း ပေးအပ်ပွဲသို့ တက်ရောက်ခဲ့သည်။
ထောက်ပံ့ပေးအပ်ပွဲတွင် ဝန်ကြီးချုပ် ဦးမြတ်ကိုက မြိတ်ခရိုင်ရှိ ရဲမှုထမ်းဟောင်းများကို တွေ့ဆုံရခြင်းသည် ရဲမှုထမ်းဟောင်းအဖွဲ့၏ လိုအပ် သည်များကို ဆောင်ရွက်ပေးနိုင်အောင် လာရောက် တွေ့ဆုံခြင်းဖြစ်ကြောင်း၊ တွေ့ဆုံစဥ်မှာ အမှတ်တရအနေဖြင့် ဆန်နှင့်ဆီကို ထောက်ပံ့ ပေးအပ်ခြင်းဖြစ်ကြောင်း၊ ရဲမှုထမ်းဟောင်းအဖွဲ့ကို တိုင်းဒေသကြီးအတွင်း ခရိုင်(၃)ခုမှာ ဖွဲ့စည်းထားရှိကြောင်း၊ အဓိကကတော့ ရဲမှုထမ်းဟောင်း များအနေဖြင့် စုစုစည်းစည်း၊ တစ်ဦးကိုတစ်ဦး ခင်ခင်မင်မင်နှင့် ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးကိစ္စတွေမှာ အားပေးနိုင်ဖို့ စုစည်းပေးခြင်းဖြစ် ကြောင်း ပြောကြားသည်။
ထိုနောက် ဝန်ကြီးချုပ် ဦးမြတ်ကိုသည် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ မြိတ်ခရိုင် ရဲမှုထမ်းဟောင်း အဖွဲ့ဝင်များအား ဆန်၊ ဆီများကို ထောက်ပံ့ပေးအပ်သည်။ ဆက်လက်၍ ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များကိုယ်စား ရဲမှုထမ်းဟောင်း(၁)ဦးမှ ကျေးဇူးတင်စကား ပြန်လည် ပြောကြား ပြီး အခမ်းအနားရုပ်သိမ်းသည်။ အခမ်းအနားအပြီးတွင် ဝန်ကြီးချုပ်က ရဲမှုထမ်း ဟောင်းအဖွဲ့ဝင်များအား ရင်းရင်းနှီးနှီး အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)