ကြံခင်းမြို့နယ် သန့်ရှင်းသာယာလှပစေရေး ပလတ်စတစ် Campaign ပြုလုပ်

ကြံခင်း ဒီဇင်ဘာ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် သန့်ရှင်းသာယာလှပစေရေး၊ အမှိုက်များစနစ်တကျစွန့်ပစ်စေရန် ရည်ရွယ်ပြီး ပလတ်စတစ် Campaign ကို မြို့နယ်ဌာနဆိုင်ရာအဖွဲ့အစည်းများက ယမန်နေ့နံနက် (၈)နာရီအချိန်တွင် ကြံခင်းမြို့နယ်အတွင်း ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးဌေးမြင့်အောင်နှင့်ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် ရဲတပ်ဖွဲဝင်များ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှ တာဝန်ရှိသူများပူးပေါင်းပြီး ရွာသစ်ရပ်ကွက် ဗိုလ်ချုပ်လမ်း၊ လမ်းမတော်လမ်းနှင့် မြို့မဈေးလူစည်းကားရာနေရာတို့တွင် ပလတ်စတစ်လျှော့ချသုံးစွဲရေး လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် အများပြည်သူပူးပေါင်းပါဝင်သော အမှိုက်သိမ်းဆည်းစွန့်ပစ်ရေး၊ အမှိုက်ကင်းစင်ရေး အသိပညာပေးလက်ကမ်းစာစောင်များကို ပြည်သူများလက်ဝယ်သို့ ဖြန့်ဝေပေးကြသည်။

ကြံခင်းမြို့နယ်အတွင်း သန့်ရှင်းသာယာလှပစေရန် လမ်းဘေးဝဲယာရှိ အမှိုက်ခြင်းများတွင် အမှိုက်များစနစ်တကျစွန့်ပစ်ရေး၊ မော်တော်ယာဉ်များတွင် အမှိုက်ခြင်းထားရှိရေး၊ ဈေးဆိုင်များတွင် အမှိုက်ပုံးထားရှိရေး၊ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုမရှိစေရေး အသိပညာပေးခြင်းကို ဆောင်ရွက်ကြကြောင်းနှင့် မြို့နယ်ဌာနဆိုင်ရာများနှင့် ပြည်သူလူထုပါဝင်သော ပလတ်စတစ် Campaign များကို မြို့ပေါ်ရပ်ကွက်ရှိ လမ်းများတွင် အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)