ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ဘားအံ ဒီဇင်ဘာ ၂၅

ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ အကြီး အကဲများနှင့် အတူ ယမန်နေ့ နံနက်ပိုင်းက ဘားအံ မြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဘားအံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ကရင်ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေ ၁၃၅ ဒဿမ ၁၃၅ သန်းဖြင့် ငွေစင်ဆန်းသစ် ကုမ္ပဏီမှဆောင်ရွက်သော ၁၆ ပေအကျယ်ရှိ ထောင်ဝိကွင်း ကုန်ထုတ်လမ်း (၁)မိုင် ဖောက်လုပ်ခြင်းလုပ်ငန်း ၇၀ ရာခိုင်နှုန်းခန့်ပြီးစီးမှု အခြေအနေကို ကြည့်ရှုစစ်ဆေးရာ ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းနိုင်နှင့် တာဝန်ရှိသူများက ကုန်ထုတ်လမ်း ဖောက်လုပ်နေမှုနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က မြေလွတ်မြေလပ်မကျန် စိုက်ပျိုးလုပ်ကိုင်နိုင်ရေး တွန်းအားပေးဆောင်ရွက်ရန်၊ လယ်ယာသုံး စက်ကိရိယာများ ဝင်ထွက်သွားလာနိုင်ရေး ဆောင်ရွက်ပေးရန်၊ Pipe Culvert, Box Culvert များ ထည့်သွင်းဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဘားအံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ကရင်ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေကျပ် ၇၂ ဒဿမ ၅၅၅ သန်းဖြင့် ချမ်းမြေ့ဇမ္ဗူကုမ္ပဏီမှ ဆောင်ရွက်သော ၁၂ ပေအကျယ် နောင်ခရိုင် ကျေးရွာကုန်ထုတ်လမ်း (၄)ဖာလုံ ခွဲဖောက်လုပ်ခြင်းလုပ်ငန်း ၄၀ ရာခိုင်နှုန်းခန့်ပြီးစီးမှု အခြေအနေကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ကုန်ထုတ်လမ်းဖောက်လုပ်နေမှုနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်စံချိန်စံနှုန်းများနှင့် အညီ အချိန်မီပြီးစီး နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည်  နောင်ခရိုင်ကွင်းအတွင်း တောင်သူများ၏ နွေစပါး စိုက်ပျိုးနေမှုအခြေအနေများကို ကြည့်ရှုအားပေးပြီး တောင်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက် အားပေးစကားပြောကြား၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကာ နောင်ခရိုင်ကွင်း၏ စက်ဆင်းလမ်းအားလာမည့် ဘဏ္ဍာနှစ်တွင် ကုန်ထုတ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဘားအံမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ကရင်ပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ် ၄၈၈ ဒဿမ ၄၆ သန်းဖြင့် ငွေစင်ဆန်းသစ် ကုမ္ပဏီနှင့် မဟာထူးမြတ်ကုမ္ပဏီတို့မှ ဆောင်ရွက်သော လှိုင်ရွာ-ကော့သပုတ်-ကော့ဒါန်းမယ်-ကော့ထမ္မလိန်းလမ်း မြေသားတာဘောင်ချဲ့ခြင်း၊ ကွန်ကရစ်ခင်းခြင်း (၁ ဒဿမ ၆၀၉ ကီလိုမီတာ) နှင့် (၆ မီတာ) အရှည် ကွန်ကရစ်တံတား တစ်စင်းတည်ဆောက်ခြင်း လုပ်ငန်းတို့ကို ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန ဦးစောကျော်ဝင်းနှင့် တာဝန်ရှိသူများက မြေသားတာဘောင်ချဲ့ခြင်းနှင့် ကွန်ကရစ်ခင်းခြင်းလုပ်ငန်းတို့ကို ရှင်းလင်း တင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လမ်းပခုံးနှင့် ရေမြောင်းများ စနစ်တကျထည့်သွင်း ဆောင်ရွက်ရန်နှင့် သတ်မှတ်စံချိန် စံညွှန်းများနှင့် အညီ အချိန်မီ ပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဒေသတွင်းဆီဖူလုံမှုရာခိုင်းနှုန်း တိုးတက်မြင့်မားရေး ကော့လှိုက် ကျေးရွာအုပ်စု၊ ကော့လှိုက်ကွင်း အတွင်း ဆောင်းဆီထွက်သီးနှံ(မြေပဲ) ၁၀၆၅ ဧက စိုက်ပျိုးထားရှိမှုကို သွားရောက်ကြည့်ရှုစစ်ဆေးရာ စိုက်ပျိုးရေးဦးစီးဌာန ဒုတိယပြည်နယ် ဦးစီးမှူး နော်သူးလေထီးနှင့် တာဝန်ရှိသူများက ဆောင်းမြေပဲ စိုက်ပျိုးထားရှိမှုနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြ ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က တစ်ဧကပန်းတိုင်အထွက်နှုန်းကျော်လွန် ထွက်ရှိရေးကြိုးပမ်း ဆောင်ရွက်ကြရန်၊ အစေ့အဆံများ ကြီးထွားအောင်မြင်စေရေး ဂျစ်(ပ်)ဆမ် ကျောက်မှုန့်ကဲ့သို့သော သွင်းအားစုများ ထည့်သွင်းဆောင်ရွက်ပေးရန်နှင့် တောင်သူအသိပညာပေး လုပ်ငန်းများဆောင်ရွက်ပေးရန် မှာကြားခဲ့ သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဘားအံမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ကရင်ပြည်နယ် အစိုးရအဖွဲ့ခွင့်ပြုရန်ပုံငွေကျပ် ၅၂၇ ဒဿမ ၅၄၉ သန်းဖြင့် အနန္တာမြေကုမ္ပဏီမှ ဆောင်ရွက်သော ကော့ဒိုက်ပြင်-ကော့မူးသွေလမ်း (၁ ဒဿမ ၈၁ ကီလိုမီတာ)အား မြေသားတာဘောင်ချဲ့ခြင်း၊ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းနှင့် (၆မီတာ)ကွန်ကရစ် တံတား (၁)စင်း တည်ဆောက်ခြင်းလုပ်ငန်းတို့ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်း တင်ပြမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကာ လိုအပ်သည်များ မှာကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကော့ကျိုက်-ကော့ပရံ-ဇာသပြင်အဖြောင့်လမ်းပိုင်း ၈ မိုင် ၄ ဖာလုံမှ ၁၀ မိုင် ၄ ဖာလုံအတွင်း BOT စနစ်ဖြင့်လမ်းအား တာဝန်ယူဆောင်ရွက်သော AK ကုမ္ပဏီမှ မူလလမ်းအား ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည် များ မှာကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကော့ပရံကျေးရွာ၌ ခရစ်စမတ်နေ့အကြို ဝတ်ပြု ဆုတောင်းပွဲသို့ တက်ရောက်အားပေးချီးမြှင့်ခဲ့ပြီး ငွေကျပ်(၅)သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)