မြိတ် ဒီဇင်ဘာ ၂၅
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အတူ ယမန်နေ့ နံနက်ပိုင်း က မြိတ်မြို့ သားဖွားသင်တန်းကျောင်းတွင် ကျင်းပသည့် သစ်လွင်သားဖွား ဆရာမများ ရာထူးတာဝန် ခန့်အပ်လွှာ အပ်နှင်းပွဲနှင့် မြိတ်ပြည်သူ့ ဆေးရုံတွင် အရန်သားဖွား(၆)လ သင်တန်းသူများအား အရန်သားဖွားဆေး သေတ္တာများ ထောက်ပံ့ပေးအပ်ပွဲသို့ တက်ရောက်ခဲ့သည်။
ဦးစွာ ဝန်ကြီးချုပ် ဦးမြတ်ကိုက တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားစေရန် ဆောင်ရွက်ရာ၌ သားဖွားဆရာမများသည် အခြေခံကျသော အရင်းအမြစ်တစ်ခုဖြစ်ကြောင်း၊ သားဖွားဆရာမများ အနေဖြင့် မိမိတို့တာဝန်ကျရာ နေရာဒေသအသီးသီးသို့ သွားရောက်၍ ပြည်သူလူထုကို ကျန်းမာရေးစောင့်ရှောက်မှုပေးရမှာဖြစ်ပြီး အရည်အသွေးရော အရည်အချင်းပါ ပြည့်ဝရုံမျှမက သားဖွားဆရာမများ လိုက်နာရ မည့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကျင့်ဝတ်များကို လိုက်နာကျင့်ကြံကြဖို့လည်း လိုအပ်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံရဲ့ ကျန်းမာရေးညွှန်းကိန်း တွေဖြစ်တဲ့ မိခင်သေနှုန်း၊ မွေးကင်းစကလေး သေနှုန်း၊ (၅)နှစ် အောက်ကလေးသေနှုန်း အစရှိတဲ့ ကျန်းမာရေး ညွှန်းကိန်းတွေကို တာဝန်ယူဆောင်ရွက်နေကြသော သားဖွားဆရာမများဖြစ်တာနဲ့ အညီ ပြည်သူလူထုကျန်းမာရေးကို ကောင်းစွာတာဝန်ယူစောင့်ရှောက်နိုင်ဖို့ လိုအပ်ပါကြောင်း၊ လူထုမှ အားကိုးယုံကြည်ပြီး မွန်မြတ်သောလုပ်ငန်းအဖြစ် ရေရှည်အောင်မြင်စေရန်အတွက် အပြု သဘောဆောင်သော စိတ်ဓာတ်၊ အချင်းချင်းအသင်းအဖွဲ့စိတ်ဓာတ်၊ ညှိနှိုင်းဆောင်ရွက်လိုသော စိတ်ဓာတ်များနှင့် ကြိုစားဆောင်ရွက်၍ မိမိတို့လုပ်ငန်းခွင်၌ အောင်မြင်ပျော်ရွှင်သော လုပ်ငန်းခွင်ဖြစ်အောင် ကြိုးစားရင်းနိုင်ငံနှင့် ပြည်သူများရဲ့ အကျိုးအတွက် တာဝန်ထမ်းဆောင်ပေးကြဖို့ လိုအပ် ကြောင်း ပြောကြားသည်။
ထိုနောက် ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ အောင်ငွေစံတို့မှ သင်တန်းသူများအား သစ်လွင် သားဖွားဆရာမများ ရာထူးတာဝန်ခန့်အပ်လွှာများ အပ်နှင်းကြသည်။ ဆက်လက်၍ မြိတ်သားဖွားသင်တန်းကျောင်းမှ ကျောင်းအုပ် ဒေါ်ယုယုမောမှ သင်တန်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး သင်တန်းသူများကိုယ်စား သင်တန်းသူ (၁)ဦးမှ ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။ ယင်းနောက် သားဖွား ဒီပလိုမာအောင်လက်မှတ်ရ သစ်လွင်သားဖွားဆရာမများမှ သူနာပြုသစ္စာ အဓိဌာန် ရွတ်ဆိုခဲ့ကြသည်။
ပြည်သူလူထုနှင့် တိုက်ရိုက်ထိတွေ့၍ အခြေခံကျသည့် ကျန်းမာရေးစောင့်ရှောက်မှုများကို တာဝန်ယူ ဆောင်ရွက်ကြမည့် သားဖွားဆရာမများ သည် သင်တန်း(၂)နှစ်တာ ကာလအတွင်း ခန္ဒာဗေဒနှင့် သူနာပြုအခြေခံပညာရပ်များ၊ သားဖွားအတတ်ပညာရပ်များ၊ မွေးစကလေး စောင့်ရှောက်မှုအတတ်ပညာများကို စာတွေ့လက်တွေ့သင်ကြားခဲ့ကြ၍ သင်တန်းတက်ရောက် အောင်မြင်ခဲ့ကြပြီး ဒီပလိုမာလက်မှတ်ရ သစ်လွင်သားဖွား ဆရာမများကို ရာထူးတာဝန် ခန့်အပ်လွှာပေးအပ်ခြင်းဖြစ်သည်။
ထိုမှတဆင့် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြိတ်မြို့ ပြည်သူ့ဆေးရုံတွင် အရန်သားဖွား(၆)လ သင်တန်းသူများအား အရန်သားဖွား ဆေးသေတ္တာများ ထောက်ပံ့ပေးအပ်ပွဲသို့ တက်ရောက် အမှာစကားပြောကြားပြီး တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးက အရန်သားဖွား ဆေးသေတ္တာများ ထောက်ပံ့ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးဦးစီး ဌာနမှူးတို့က အရန်သားဖွားဆရာမများအတွက် အရန်သားဖွား ဆေးသေတ္တာများ ထောက်ပံ့ပေးအပ်ခဲ့ကြရာ သင်တန်းသူများ ကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ကျေးလက်ဒေသများတွင် ကျန်းမာရေးစောင့်ရှောက်ရေး လွှမ်းခြုံမှုလိုအပ်ချက်များ၊ ရေမြေတောတောင် သဘာဝအတားအဆီးများကြောင့် ကျန်းမာရေးစောင့်ရှောက်မှုများကို လက်လှမ်းမီနိုင် သော ကိုယ်ဝန်ဆောင် မိခင်များအတွက် ဘေးအန္တရာယ်ကင်းသော မွေးဖွားခြင်း၊ မွေးဖွားပြီး စောင့်ရှောက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးနိုင်ရန်နှင့် ကျေးလက်ဒေသများတွင် ပြည်သူလူထုအကျိုးပြုနိုင်ရန် သင်တန်းတက်ရောက် လျက်ရှိသော အရန်သားဖွားများကို သင်ကြားသင်ယူမှု အထောက်အကူဖြစ်စေရန်အတွက် အရန်သားဖွားဆရာမ သင်တန်းသူ (၄၀)ဦးအား အရန်သားဖွား ဆေးသေတ္တာများ ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)