ပြည် ဒီဇင်ဘာ ၂၄
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင်ပညာဦးစီးဌာန ပြည်တက္ကသိုလ်၏ (၂၁)ကြိမ်မြောက် နေ့သင်တန်းဘွဲ့နှင်းသဘင်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ယင်းတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပရာ ပြည်တက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာသက်လွင်နှင့် ဒုတိယပါမောက္ခချုပ်များ၊ သင်တန်းရေးရာဌာနမှူး၊ စီမံ/ဘဏ္ဍာဌာနမှူးနှင့် ဘာသာရပ်ဌာနများမှ ပါမောက္ခဌာနမှူးများ၊ ဆရာ/ဆရာမများ၊ ဘွဲ့ရကျောင်းသား၊ ကျောင်းသူများနှင့် ၎င်းတို့၏ မိဘဆွေမျိုးများ တက်ရောက်သည်။
ဘွဲ့နှင်းသဘင်အခမ်းအနားတွင် ဦးစွာ ပြည်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ သက်လွင်ဦးဆောင်သော သဟာယအဖွဲ့ဝင်များ နေရာယူကြပြီး အစီအစဥ်အတိုင်း ဘာသာရပ်အလိုက် ကောင်းစွာအောင်မြင်ပေါက်မြောက်ခဲ့ပြီဟု ပညာရေးအဖွဲ့က ကြေညာပြီးဖြစ်သော ကျောင်းသား၊ ကျောင်းသူများအား ပါမောက္ခချုပ်က ဘွဲ့လက်မှတ်များ ချီးမြှင့်သည်။
ပြည်တက္ကသိုလ်၏ (၂၁)ကြိမ်မြောက် နေ့သင်တန်းဘွဲ့နှင်းသဘင်တွင် ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့၊ ဝိဇ္ဇာ(ဂုဏ်ထူး)ဘွဲ့၊ သိပ္ပံ (ဂုဏ်ထူး)ဘွဲ့၊ မဟာဝိဇ္ဇာဘွဲ့၊ မဟာသိပ္ပံဘွဲ့၊ ဥပဒေဘွဲ့၊ မဟာဥပဒေဘွဲ့၊ကွန်ပျူတာဒီပလိုမာဘွဲ့ (DCS)နှင့် စီးပွားရေးဥပဒေပညာ ဒီပလိုမာဘွဲ့(DBL) အစရှိသည့် ဘွဲ့အသီးသီးအတွက် ဘွဲ့ရကျောင်းသား၊ကျောင်းသူ စုစုပေါင်း ၁၃၅၂ဦးကို ပါမောက္ခချုပ်က ညနေပိုင်းအထိ ဘွဲ့လက်မှတ်များ အသီးသီး အပ်နှင်းချီးမြှင့်ခြင်းဖြစ်ကြောင်း ယင်းတက္ကသိုလ် တာဝန်ရှိသူများထံမှသိရသည်။
ပြည်တက္ကသိုလ်သည် ၂၀၁၀ ပညာသင်နှစ်ကစ၍ ယခုနှစ်အထိ ဘွဲ့ရကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၂၄၃၂ဦး မွေးထုတ်နိုင်ခဲ့ကြောင်းနှင့်ပြည်တက္ကသိုလ်အနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတွင် ပါဝင်ဆောင်ရွက်နိုင်မည့် လူ့စွမ်းအား အရင်းအမြစ်ကောင်းများ ပေါ်ထွက်လာစေရန် ဘွဲ့ရလူငယ်မောင်မယ်များကို နှစ်စဥ် မွေးထုတ်ပေးလျက်ရှိကြောင်း ၎င်းတက္ကသိုလ်မှသိရသည်။
ကိုဆက်(ပြန်/ဆက်)