ဒီဇင်ဘာလူထုအားကစားလ စတုတ္ထပတ်စုပေါင်းလမ်းလျှောက်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ပါဝင်ဆင်နွှဲ၊ ဟင်္သာတခရိုင်နှင့် မအူပင်ခရိုင်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပုသိမ် ဒီဇင်ဘာ ၂၄

တစ်မျိုးသားလုံးကျန်းမာသန်စွမ်းပြီး ကိုယ်လက်ကြံ့ခိုင်ရေးအတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဒီဇင်ဘာလအား လူထုလှုပ်ရှားအားကစားလအဖြစ်သတ်မှတ်၍ နှစ်စဉ်နှစ်တိုင်းစုပေါင်းလမ်းလျှောက်ပွဲကို ပြုလုပ်လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌လည်း စုပေါင်းလမ်းလျှောက်ပွဲကို ယမန်နေ့နံနက်ပိုင်းက ရွှေရုပ်တုအဝိုင်းရှေ့၌ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာများ၊ ပြည်သူများပါဝင်ဆင်နွှဲခဲ့ကြသည်။

စုပေါင်းလမ်းလျှောက်ပွဲကို တိုင်းဒေသကြီးဝန်ကြီးချုပ်က သေနတ်ပစ်ဖောက်၍ လမ်းလျှောက်ပွဲအား ဖွင့်လှစ်ပေးပြီးနောက် ရွှေရုပ်တုအဝိုင်းရှေ့မှစတင်၍ မဟာဗန္ဓုလလမ်းမကြီးအတိုင်းတပျော်တပါး စုပေါင်းလမ်းလျှောက်ခဲ့ကြပြီး ကိုးသိန်းအားကစားကွင်းတွင် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများ၊ Physical  Fitness Dance များအား အတူတကွစုပေါင်းဆောင်ရွက်ခဲ့ကြသည်။  ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ဒီဇင်ဘာလစတုတ္ထပတ် စုပေါင်းလမ်းလျှောက်ပွဲသို့ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ စုစုပေါင်း(၃၅၀၀)ကျော် တပျော်တပါး ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများသည် ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်း၌ပြုလုပ်သည့် ဒီဇင်ဘာလူထုအားကစားလ ဌာနပေါင်းစုံ ဘော်လီဘောပြိုင်ပွဲ(အမျိုးသမီး)  ဗိုလ်လုပွဲစဉ် ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ပြုလုပ်ရာ ဒုတိယဆုရရှိသည့် တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးဌာနအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆုကို တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ ဇနီးကလည်းကောင်း၊ ပထမဆုရရှိသည့် တိုင်းဒေသကြီးလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကို တိုင်းဒေသကြီးဝန်ချုပ်ကလည်းကောင်း ဆုများချီးမြှင့်ခဲ့ကြပြီး  လုံခြုံရေးနှင့်နယ်စပ်ရေးဝန်ကြီးနှင့် မီးသတ်ဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးတို့က ပထမဆုရရှိသည့်အသင်းအား ဂုဏ်ပြုချီးမြှင့်ငွေများ ထပ်မံချီးမြှင့်ခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်ရှိ မဟာသာကျေးရွာအုပ်စု၏ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)မျိုးစေ့ထုတ် စိုက်ခင်း(၃.၇)ဧကနှင့် မတ်ပဲစိုက်ခင်းများ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ဒေသခံတောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့သည်။  ထို့အတူ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဇလွန်မြို့နယ်၊ ပြင်ရွာကျေးရွာရှိ တောင်သူဦးသောင်းကြည်၏ စိုက်ဧက(၅)ဧက၌ ၂၀၂၃-၂၀၂၄ ခုနှစ်၊ နွေစပါး၊ မှော်ဘီ ၃ စပါးမျိုး၊ (Seeder)အစေ့ချကိရိယာဖြင့် စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲအား တက်ရောက်ကြည့်ရှုအားပေးခဲ့ပြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက စိုက်ပျိုးဖြစ်ထွန်းမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် ဒေသခံတောင်သူများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံ၍ တောင်သူများ၏ စက်သုံးဆီလိုအပ်ချက်၊ မျိုးနှင့်နည်းပညာလိုအပ်ချက်များအား ဌာနဆိုင်ရာများနှင့်ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ကျုံတုံးကြီးကျေးရွာအုပ်စုသို့ရောက်ရှိ၍ တောင်သူဒေါ်နီနီမိုး၏ ဆင်းရွှေကြာ ၂ မျိုး ဆီထွက်သီးနှံနေကြာ (၁၀)ဧက စံပြကွက်နှင့် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)မျိုးစေ့ထုတ်စိုက်ခင်း(၅)ဧက စိုက်ပျိုးဖြစ်ထွန်းအောင်မြင်နေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)