အိမ်မဲ ဒီဇင်ဘာ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် သာသနာ့ဗိမာန်တော်ကြီး ဘက်စုံမွမ်းမံပြင်ဆင် ပြီးမြောက်မှု အလှူတော်မင်္ဂလာအခမ်းအနားကို ယနေ့နံနက် (၈)နာရီအချိန်တွင် အဆိုပါဗိမာန်တော်ကြီး၌ ကျင်းပခဲ့သည်။
အခမ်းအနားကို တက်ရောက်လာသူများက ‘’နမောတဿ” (၃)ကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့သည်။ထို့နောက် အိမ်မဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသက်ကိုကိုဦးက သာသနာရေးဆိုင်ရာကိစ္စများကို လျှောက်ထားခဲ့သည်။
ဆက်လက်ပြီး သာသနာ့ဗိမာန်တော်ကြီး ဘက်စုံမွမ်းမံ ပြင်ဆင်ရေးအဖွဲ့ဥက္ကဌဦးထိန်ဝင်းက မုဒိတာစကား များကိုလည်းကောင်း သာသနာ့ဗိမာန်တော်ကြီး၏ အလှူငွေနှင့် ပတ်သက်၍ရရှိသုံးစွဲမှု အခြေအနေများကို ဘက်စုံမွမ်းမံ ပြင်ဆင်ရေးအဖွဲ့ ဒုဥက္ကဋ္ဌ ဦးသိန်းအောင်ကလည်းကောင်းရှင်းလင်းတင်ပြခဲ့သည်။
ယင်းနောက် ကြွရောက်လာသောဆရာတော်အရှင်သူမြတ်များအား လှူဒါန်းဖွယ်ရာများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများကဆက်ကပ်လှူဒါန်းပေးပြီး ဆရာတော်ဘဒ္ဒန္တမဟိန္ဒ မှ ငါးပါးသီလများကိုလည်းကောင်း ကြွရောက်လာသော ဆရာတော်များက ပရိတ်တရားတော်များကိုလည်းကောင်း ချီးမြှင့်ပေးခဲ့ကာ အလှူရှင်များအား တာဝန်ရှိသူများကဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့သည်။
ဆက်လက်ပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချတရားကို ဆရာတော်မှချီးမြှင့်ပေးခဲ့ပြီးအခမ်းအနားကို “ဗုဒ္ဓသာသနံစိရံတိဌတု” (၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားအောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။
ချစ်သက်လယ် (အိမ်မဲ ပြန်/ဆက်)