မင်းလှမြို့နယ် ‌ဒေါင်းဘုတ်ကျေးရွာတွင်အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆိုင်ကယ်ပြင်သင်တန်းဖွင့်လှစ်

အထက်မင်းလှ     ဒီဇင်ဘာ ၂၄

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မြို့နယ်‌ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူး၍ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဆိုင်ကယ်ပြင်သင်တန်းဖွင့်ပွဲအခမ်းအနားကို   ယမန်နေ့နံနက် ၁၀ နာရီအချိန်က ဒေါင်းဘုတ်ကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မင်းလှမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်နှင့် သရက်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှခရိုင် ဦးစီးမှူး ဦးကျော်ဆန်းဌေးတို့ကအမှာစကားပြောကြားပြီး၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်အေးအေးသင်းက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် သင်တန်းနည်းပြက သင်တန်းတွင် သင်ကြားပို့ချပေးမည့် ဘာသာရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဆိုင်ကယ်ပြင်သင်တန်းသို့  ဒေါင်းဘုတ်၊ ဆင်မတောင်နှင့် ကျောက်မြောင်းကျေးရွာတို့မှ သင်တန်းသား(၁၀)ဦး တက်ရောက်သင်ကြားခဲ့ပြီး သင်တန်းကာလမှာ ၂၀၂၃ခုနှစ်ဒီဇင်ဘာလ (၂၃)ရက်နေ့မှ ၂၀၂၄ ခုနှစ်ဇန်နဝါရီလ (၁၆)ရက်နေ့ထိ (၂၅) ရက်အကြာစာတွေ့လက်တွေ့အခမဲ့ သင်ကြားပို့ချပေး သွားမည်ဖြစ်ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)