မန်းရွှေစက်တော်ဘုရားပွဲကျင်းပရန် မန်းချောင်းသောင်ပြင်ခြင်းလုပ်ငန်းဆောင်ရွက်မှု ၃၃ ရာခိုင်နှုန်းကျော် ပြီးစီး

မင်းဘူး ဒီဇင်ဘာ ၂၄

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားပွဲတော်ကျင်းပရန် မန်းချောင်းသောင်ပြင်ခြင်းလုပ်ငန်းဆောင်ရွက်မှုလုပ်ငန်းအားလုံး ၃၃ ရာခိုင်နှုန်းကျော် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း မန်းရွှေစက်တော်ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။

ပွဲတော်ကျင်းပမည့် မန်းချောင်းသဲသောင်ပြင် ပြုပြင်ခြင်းလုပ်ငန်းကို ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက စက်ယာဉ်ယန္တရား ဒိုဇာနှစ်စီး၊ ဘက်ဟိုးနှစ်စီးနှင့် မြေသယ်ယာဉ်ငါးစီးတို့ဖြင့် နိုဝင်ဘာ ၁၉ ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ပြီး လက်ရှိလုပ်ငန်းအားလုံး ၃၃ ရာခိုင်နှုန်းကျော်ပြီးစီးနေပြီဖြစ်ကြောင်း၊ အဆိုပါသောင်ပြင်အတွင်း၌ ဈေး‌ဆိုင်ခန်းပေါင်း(၄၀၀)ခန့်နှင့် တည်းခိုဆောင်အခန်းပေါင်း(၈၀၀)ကျော် ဆောက်လုပ်သွားမည်ဖြစ်ပြီး ဘုရားဖူးရဟန်းရှင်လူ မိဘပြည်သူများကို စိတ်အေးချမ်းသာစွာ ညအိပ်တည်းခိုခွင့်ပြုမည်ဖြစ်ကြောင်း၊ ထို့အပြင် အောက်စက်တော်ရာသို့ ဘုရားဖူးများ အဆင်ပြေစွာသွားရောက်ဖူးမြော်နိုင်စေရန် အရှည်ပေ ၁၀၀ ရှိ ယာယီသံပေါင်ဘေလီတံတားကိုလည်း ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ပထမအပတ်အတွင်း တပ်ဆင်သွားမည်ဖြစ်ကြောင်း မန်းရွှေစက်တော်ဘုရားဂေါပကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးသိန်းလှိုင်ကပြောသည်။

မန်းရွှေစက်တော်ဘုရားကြီးသည် မြန်မာနိုင်ငံ၏ (က)အဆင့်စာရင်းဝင် တန်ခိုးကြီးဘုရားဖြစ်၍ နေ့စဉ်နေ့တိုင်း အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာရောက်လျက်ရှိကာ ရာသီမရွေးစိတ်အေးချမ်းသာစွာ လာရောက်ဖူးမြော်နိုင်ပြီး မန်းရွှေစက်တော်ဘုရား ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်(တပို့တွဲလဆန်း ၅ ရက်)နေ့တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ အဆိုပါပွဲတော်ကြီးကို နှစ်စဉ်တပို့တွဲလဆန်း ၅ ရက်နေ့မှ မြန်မာနှစ်ဆန်း ၁ ရက်နေ့အထိ ရက်ပေါင်း ၈၀ ကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လေ့ရှိပြီး ယခုနှစ်သည် မြန်မာလ ဝါထပ်သည့်နှစ်ဖြစ်သည့်အတွက် ပွဲတော်ရက်ကာလကို (၆၄)ရက်သာ ကျင်းပနိုင်မည်ဖြစ်ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)