မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်  ဒီဇင်ဘာအားကစားလ (စတုတ္ထပတ်)လူထု စုပေါင်းလမ်းလျှောက်ပွဲ ပါဝင်ဆင်နွဲ

မကွေး   ဒီဇင်ဘာ  ၂၄

တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေး၊ ပြည်သူလူထု ကျန်းမာကြံ့ခိုင်စေရန်၊ ရောဂါကြိုတင်ကာကွယ်နိုင်ရန်နှင့် သက်တမ်းစေ့နေနိုင်ရန်၊ အမျိုးသားအားကစားအဆင့်အတန်း တိုးတက် မြင့်မားရေးနှင့် ပြည်သူလူထုပါဝင်သည့် အားစားလှုပ်ရှားမှုများ ပိုမိုဆောင်ရွက်လာနိုင်စေရန် ရည်ရွယ်၍ ဒီဇင်ဘာလူထုအားကစား စုပေါင်းလမ်းလျှောက်ပွဲများကို နိုင်ငံတစ်ဝန်းတွင် ကျင်းပလျက်ရှိသည့် နည်းတူ မကွေးတိုင်းဒေသကြီး ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက် ပွဲကို ယမန်နေ့နံနက် ၅ နာရီခွဲအချိန်က တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးရှေ့၌ ကျင်းပရာ စုပေါင်းလမ်းလျှောက်ပွဲသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ တက္ကသိုလ်/ဒီဂရီ ကောလိပ်များမှ ဆရာ/ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့်ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြသည်။

ဦးစွာ တိုင်း‌ဒေသကြီး ဝန်ကြီးချုပ်က အလံအချက်ပြ၍ လမ်းလျှောက်ပွဲကို ဖွင့်လှစ်ပေးပြီး တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးရှေ့မှ စတင်ကာ ဗိုလ်ချုပ်လမ်းအတိုင်း၊ ထိုမှတစ်ဆင့် ပြည်တော် သာလမ်း၊ မေတ္တာလမ်းနှင့် အ.ထ.က(၁)လမ်းအတိုင်း စုပေါင်းလမ်းလျှောက်ကြပြီး မကွေးခရိုင် အားကစားကွင်းတွင် ကိုယ်ကာကယ ကြံ့ခိုင်မှုလေ့ကျင်ခန်း အတွဲ(၁)နှင့် အတွဲ(၂)တို့ကို တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများက သရုပ်ပြသပေးခဲ့ရာ စုပေါင်း ကိုယ်လက်ကြံခိုင်ရေးလေ့ကျင့်ခန်း အစီအစဉ် အတွဲအမှတ်(၁)နှင့် အမှတ်(၂) တို့ကို စုပေါင်း လမ်းလျှောက်ပွဲတွင် ပါဝင်ကြသူများက တက်ကြွစွာ ပါဝင်ဆောင်ရွက်ကာ၊ မကွေးတိုင်း ဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စုပေါင်းလမ်းလျှောက်သူများအား စားသောက်ဖွယ်ရာ မုန့်နှင့် ရေသန့်ဘူးများ ဖြန့်ဝေပေးခဲ့သည်။

စုပေါင်းလမ်းလျောက်ပွဲ အပြီးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဒီဇင်ဘာအားကစားလ အားကစားပြိုင်ပွဲများအဖြစ် ကျား/မ မီတာ(၁၀၀)အပြေးပြိုင်ပွဲနှင့် ကျား/မ သံလုံးပစ်ပြိုင်ပွဲများ ကျင်းပနေမှုအားကြည့်ရှုအားပေးကာ၊ အဆိုပါ ပြိုင်ပွဲများတွင် ဆုရရှိကြသူများအား တိုင်းဒေသကြီးဝန်ကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးခဲ့ သည်။

စုပေါင်းလမ်းလျှောက်ပွဲသို့  မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီးအမျိုး သမီးအားကစားအဖွဲ့ နာယကနှင့် အဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊ တက္ကသိုလ်/ဒီဂရီ ကောလိပ်များမှ ဆရာ/ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများနှင့် ဒေသခံပြည်သူများ စုစုပေါင်းအင်အား သောင်းခုနှစ်ကျော် ပါဝင်ဆင်နွှဲခဲ့ပြီး၊ အလားတူ မကွေး တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ယနေ့နံနက်ပိုင်းက ဒီဇင်ဘာအားကစားလ လူထုစုပေါင်း လမ်းလျှောက်ပွဲကို ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများ အင်အား နှစ်သောင်းခွဲဖြင့် လည်းကောင်းအသီးသီး ပါဝင်ဆင်နွှဲခဲ့ကြသဖြင့် တိုင်းဒေသကြီး တစ်ခုလုံးတွင် စုစုပေါင်းအင်အား လေးသောင်းကျော် တစ်ပြိုင်တည်း ပါဝင်ဆင်နွဲခဲ့ကြကြောင်း သိရသည်။

မောင်ညီညာ