ပွင့်ဖြူမြို့နယ် ယခုနှစ် မိုးသီးနှံရာသီက စိုက်ပျိုးခဲ့သည့် စပါးဧကခြောက်သောင်းကျော် ရိတ်သိမ်းခြွေလှေ့ပြီးစီး

ပွင့်ဖြူ ဒီဇင်ဘာ ၂၄

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ၂၀၂၃-၂၀၂၄ ခုနှစ်၊ မိုးသီးနှံစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများ မဲဇလီရေလွှဲဆည်ရေဖြင့် စိုက်ပျိုးခဲ့သည့် စပါးသီးနှံစိုက်ဧက ခြောက်သောင်းကျော်ရိတ်သိမ်းခြွေလှေ့ပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။ 

ပွင့်ဖြူမြို့နယ်၌ ၂၀၂၃-၂၀၂၄ ခုနှစ်၊ မိုးသီးနှံစိုက်ပျိုးရာသီတွင် ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒေသတွင်းစားနပ်ရိက္ခာဖူလုံစေရန်ရည်ရွယ်၍ ဒေသခံတောင်သူများက မဲဇလီရေလွှဲဆည်ရေကိုအမှီပြုပြီး တစ်မြို့နယ်လုံး မိုးစပါးသီးနှံစိုက်ဧက ၆၉၉၄၄ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ဒေသခံတောင်သူများ အဓိကစိုက်ပျိုးသည့် စပါးသီးနှံများမှာ ဧရာမင်း၊ ရတနာတိုး၊ ပေါ်ဆန်းရင်၊ ချမ်းမြေ့မေ ၊ ဆင်းသုခ ၊ မနောသုခ ၊ ပခန်းရွှေဝါ ၊ သီးထပ်ရင် ၊ ဧရာပဒေသာစသည့် စပါးမျိုးများကို စီးပွားဖြစ်စိုက်ပျိုးကြကြောင်း သိရသည်။ ယခုအခါ မိုးစပါးစိုက်ခင်းများမှာ ရိတ်သိမ်းခြွေလှေ့ချိန် ရောက်ရှိလာပြီဖြစ်၍ ဒေသခံတောင်သူများက ဆောင်းသီးနှံအချိန်မီ ပြန်လည်စိုက်ပျိုးလုပ်ကိုင်နိုင်ရန်အတွက် နိုဝင်ဘာလဆန်းပိုင်းမှစတင်ပြီး  လှိုင်လှိုင်ရိတ်သိမ်းခြွေလှေ့လျက်ရှိရာ ယနေ့အထိ  မိုးစပါးစိုက်ဧက ၆၁၇၀၂ ဧက ရိတ်သိမ်းခြွေလှေ့ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

“ပွင့်ဖြူမြို့နယ်မှာ ယခုနှစ် မိုးသီးနှံရာသီက စိုက်ပျိုးထားခဲ့တဲ့ မိုးစပါးစိုက်ခင်းတွေကို ဒေသခံတောင်သူတွေက ဆောင်းသီးနှံ ပြန်လည်စိုက်ပျိုးနိုင်ဖို့အတွက် နိုဝင်ဘာလဆန်းကစပြီး စတင်ရိတ်သိမ်းခြွေလှေ့ခဲ့ရာမှာ ယနေ့အထိဆိုရင် စပါးစိုက်ဧက ခြောက်သောင်းကျော်အထိ ရိတ်သိမ်းပြီးစီးသွားပြီဖြစ်ပါတယ်။ ဒီဒေသမှာ စိုက်ပျိုးရေဖူလုံတော့ စပါးစိုက်ပျိုးလုပ်ငန်းက အောင်မြင်ဖြစ်ထွန်းမှုရှိပါတယ်။ စပါးအထွက်နှုန်းအနေနဲ့   တစ်ဧက ပျမ်းမျှ ၉၀ ဒသမ ၂၂ တင်းခန့် ထွက်ရှိပါတယ်။ ဒေသခံတောင်သူတွေကိုလဲ စပါးရိတ်သိမ်းခြွေလှေ့တာတွေနဲ့ပတ်သက်ပြီး အထွက်နှုန်းလျော့နည်းမှုမဖြစ်အောင် ရိတ်သိမ်းချိန်လွန်နည်းပညာတွေကို အသိပညာပေးခြင်းလုပ်ငန်း ဆောင်ရွက်ပေးထားပါတယ်”ဟု  ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးဒေါ်မိုးမိုးဝေက ပြောသည်။

ပွင့်ဖြူမြို့နယ်သည် မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၅)မြို့နယ်တွင် ဆည်ရေသောက်ဧရိယာ အများဆုံးရှိသည့် မြို့နယ်တစ်ခုဖြစ်ကာ နှစ်စဉ်ဆန်စပါးထွက်ကုန် အများဆုံးစိုက်ပျိုးထုတ်လုပ်ပေးနိုင်သဖြင့် ဒေသတွင်းဆန်စပါး စားနပ်ရိက္ခာဖူလုံစေရန် အထောက်အပံ့ပေးလျက်ရှိသည့်အပြင် ပြည်တွင်းစားသုံးမှုဖူလုံစေရန် ဖြည့်ဆည်းဆောင်ရွက်‌ ပေးလျက်ရှိ‌ကြောင်းသိရသည်။ ပွင့်ဖြူမြို့နယ် ကုန်းဇောင်းကျေးရွာ ဒေသထွက်ကုန်း‌ဇောင်း(ဧရာပဒေသာ)ဆန်မှာ ပြည်တွင်းဆန်ဈေးကွက်၌ လူကြိုက်များပြီး အရောင်းသွက်လျက်ရှိကြောင်းနှင့် ယခုနှစ်မိုးစပါးစိုက်ပျိုးရာသီတွင် တစ်မြို့နယ်လုံး မိုးစပါးဧက ၆၉၉၄၄ ဧက စိုက်ပျိုးနိုင်ခဲ့၍ သတ်မှတ်လျာထားဧကထက် ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။  

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )