ကြက်သွန်နီစိုက်တောင်သူများ ပေါ်ဦးပေါ်ဖျားမှာ ဈေးကောင်းရရှိ

မင်းဘူး ဒီဇင်ဘာ ၂၄

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့ရှိပွဲရုံများသို့ ပေါ်ဦးပေါ်ဖျားမှာ ကြက်သွန်နီများ အဖွင့်ဈေးကောင်းကောင်းဖြင့် ဝင်ရောက်လျက်ရှိကြောင်း မင်းဘူးမြို့အမှတ်(၄)မကျီးချောင်း ပွဲရုံပိုင်ရှင်ဒေါ်လဲ့ထံမှ သိရသည်။

ကြက်သွန်နီများမှာ မင်းဘူး-ရေနံချောင်းအစပ် ကျွန်းထဲတွင်စိုက်ပျိုးသော ဘုရားကုန်း၊ စလယ်၊ မာန်ပြေ၊ မိန်းမလှ၊ ကံသာစသော ကျေးရွာများမှ ထော်လာဂျီများနှင့်တစ်မျိုး၊ မော်တော်(စက်လှေ)များဖြင့် တစ်ဖုံမနက်နှင့် ညနေအချိန်များတွင် တစ်နေ့လျှင် ကြက်သွန်နီပိဿာချိန်ထောင်ချီကာ ဝင်ရောက်လျက်ရှိကြောင်းလည်း သိရသည်။

“ဈေးကတော့ ကြက်သွန်နီတစ်ပိဿာကို ဖောက်သည်ဈေး ကျပ် ၂၂၀၀/၂၃၀၀ ဈေးဖြင့် ရောင်းချရပါတယ်။ ကျွန်တော်တို့က ကြက်သွန်နီစိုက်ခင်းများကို မနက်ဖော်လျှင် ညနေဘက်လာရောင်းပြီး ညနေဖော်လျှင် မနက်ဘက်တွင် လာရောက်ရောင်းချကြကာ ကြက်သွန်အကြီးအသေးနှင့် အလုံးသန့်ပြန့်မှုအပေါ်မူတည်၍ ဈေးအနည်းငယ်ကွဲပြားကာ ပေါ်ဦးပေါ်ဖျားမှာ ဈေးကောင်းရရှိကြလို့ အဆင်ပြေကြပါတယ်” ဟု မာန်ပြေကျေးရွာမှ ကြက်သွန်နီစိုက်တောင်သူ ကိုတုတ်ကြီးကပြောသည်။

မင်းဘူးမြို့ပေါ်တွင် ပွဲရုံများမှပြန်ဝယ်ဈေး ကြက်သွန်နီ တစ်ပိဿာ ကျပ် ၃၀၀၀ ဖြစ်ပြီး အပြင်ကုန်စုံဆိုင်များတွင် လက်လီဈေး အလုံးချော၊ အလုံးသန့် တစ်ပိဿာလျှင် ကျပ် ၄၀၀၀ အထိဈေးပေးဝယ်ရကြောင်းလည်း သိရသည်။

ဇေယျာထက်(မင်းဘူး)