မြင်းမူ ဒီဇင်ဘာ ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်တွင် ဒေသခံတောင်သူများစိုက်ပျိုးထားရှိသည့် ဆောင်းနှမ်းများစတင်ရိတ်သိမ်းရောင်းချလျက်ရှိရာ ဈေးနှုန်းကောင်းမွန်ကြောင်း နှမ်းစိုက်တောင်သူများထံက သိရှိရသည်။
ဆောင်းနှမ်းကို ဝါခေါင်လ(မိုးကုန်ရာသီ)အပြီး ဆောင်းတွင်းနှင်းများကျဆင်းချိန်တွင် စိုက်ပျိုးကြပြီး တန်ဆောင်မုန်းလကုန်နှင့်နောက်ပိုင်းတွင်ရိတ်သိမ်းကြကြောင်း၊ ဆောင်နှမ်းစိုက်
ပျိုးမှုကုန်ကျစရိတ်အနေဖြင့် (၁)ဧကအတွက် မျိုးစေ့၊ ထွန်ယက်ခ၊ ဆေးဖိုးအပါအဝင်ငွေကျပ် (၄)သိန်းခန့်ရှိကြောင်း၊ ထွက်ရှိမှုအနေဖြင့်ပုံမှန်(၁၀)တင်းအနည်းဆုံးရှိကြောင်း၊ ယခုလက်ရှိဈေးတွင် နှမ်း(၁)တင်းလျှင် ငွေကျပ်(၁၁၀၀၀၀)ဖြင့်ဝယ်ယူလျက်ရှိရာ (၁)ဧကလျှင် ငွေကျပ်(၇)သိန်းအမြတ်ရရှိကြောင်း ၊ နှမ်းစိုက်တောင်သူဦးသိန်းတန်ထံက သိရရှိရသည်။
မြင်းမူမြို့နယ်အနေဖြင့် ဆောင်းနှမ်း(၃၇၄၁၁)ဧကကို စိုက်ပျိုးရန်လျာထားခဲ့ရာ (၃၇၃၈၄)ဧကကို စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ တောင်သူအများစုအနေဖြင့် အထွက်နှုန်းပိုမိုသည့် ဆင်းရတနာ(၄)မျိုးကို ရွေးချယ်စိုက်ပျိုးကြကြောင်း ယမန်နှစ်စိုက်ပျိူးရာသီတွင် တစ်ဧကအထွက်နှုန်းအနေဖြင့် (၁၃ ဒဿမ ၆၀)တင်းထွက်ရှိကြောင်း၊ မကြာမီအချိန်တွင်လည်း ပဲစဉ်းဂုံပဲများထွက်ရှိတော့မည်ဖြစ်ရာ ယခုနှစ်ရာသီဥတုကောင်းမွန်သည်ဖြစ်၍ အထွက်နှုန်းပိုမိုနိုင်ကြောင်း တာဝန်ရှိသူထံက သိရှိရသည်။
အောင်စိုးဖေ(မြင်းမူ)