မြောင်းမြ ဒီဇင်ဘာ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၊ မဒေါ့ပင်စံပြကျေးရွာတွင် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ ဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာ သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ သင်တန်းဆင်းပွဲ အခမ်းအနားတွင် မြောင်းမြမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁)ဗိုလ်မှူးအုန်းသိန်းက အဖွင့်အမှာစကားပြောကြားပြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အိန္ဒြာချမ်းမြေ့က သင်တန်းများဖွင့်လှစ်ရခြင်းနဲ့ ပတ်သက်၍ ရှင်းလင်း ပြောကြားပါသည်။ ဆက်လက်ပြီး သင်တန်းသူများအား သင်တန်းထွက်ကုန်ပစ္စည်းများ ပေးအပ်ပြီး၊ လုပ်ငန်းထူထောင်မည့် သင်တန်းသူ ၂ ဦးအား ကုန်ကြမ်းပစ္စည်းများ ထောက်ပံ့ပေးအပ်သည်။ ထို့နောက် မဒေါ့ပင်စံပြကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်မိုးက သင်တန်းလာရောက် ဖွင့်လှစ်ပေးသည့်အတွက် ကျေးဇူးတင်စကား ပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။ အဆိုပါ သင်တန်းကို သင်တန်းသူ (၂၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)