ပန်းတောင်းမြို့နယ်တွင် ပြည်မြို့အထူးကုဆရာဝန်ကြီးများမှ နယ်လှည့်ကွင်းဆင်း(အခမဲ့) ဆေးကုသပေးခြင်းများ ဆောင်ရွက်

ပန်းတောင်း ဒီဇင်ဘာ ၂၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ပြည်မြို့ ကုတင်(၅၀၀) အထွေထွေရောဂါကုဆေးရုံကြီးမှဆေးရုံအုပ်ကြီး ဒေါက်တာသီတာစိုးဦးဆောင်ကာ အထူးကုဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများသည် ပြည်သူများဆေးကုသမှုစရိတ်လျော့နည်းကျဆင်းစေရေး၊ ကျန်းမာပျော်ရွှင်စွာနေထိုင်နိုင်ရေးအတွက်ရည်ရွယ်၍ ယနေ့နံနက်(၉)နာရီအချိန်မှ စတင်ကာ ဥသျှစ်ပင်တိုက်နယ်ဆေးရုံ၌ အခြေပြု၍ ဒေသခံပြည်သူများအား နယ်လှည့်ကွင်းဆင်း(အခမဲ့) ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆေးဝါးကုသပေးရာတွင် အထွေထွေရောဂါအထူးကု၊ ခွဲစိတ်ရောဂါအထူးကု၊ သားဖွားမီးယပ်အထူးကု၊ ကလေးအထူးကု၊ အရိုအကြောအထူးကု၊ မျက်စိအထူးကု၊ နား-နှာခေါင်း-လည်ချောင်းအထူးကု၊ သွားနှင့်ခံတွင်းအထူးကု ဆရာဝန်ကြီးများက အထွေထွေ လူနာ (၁၁၀)ဦး၊ ခွဲစိတ်ရောဂါလူနာ(၁၅)ဦး၊ Minor ခွဲစိတ်လူနာ(၃)ဦး၊ သားဖွားမီးယပ်ရောဂါလူနာ (၁၃)ဦး၊ မျက်စိရောဂါလူနာ(၁၃၁)ဦး၊ကလေးရောဂါ(၂၄)ဦး၊ အရိုးအကြောလူနာ(၁၁၄)ဦး၊ နား-နှာခေါင်း-လည်ချောင်းရောဂါလူနာ (၄၅)ဦး၊ သွားရောဂါလူနာ(၂၉)ဦး စုစုပေါင်းလူနာ (၄၈၄)ဦးကို အခမဲ့ကုသပေးနိုင်ခဲ့ကြောင်း ပန်းတောင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ် ဆရာဝန်ကြီး ဒေါက်တာသန်းထိုက်စိုးထံမှ သိရသည်။

အဆိုပါနယ်လှည့်ကွင်းဆင်းဆေးကုသပေးခြင်းများကို ပန်းတောင်းတပ်နယ်မှူး ဗိုလ်မှူးချုပ် လှိုင်တင့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သူရနှင့်အဖွဲ့ဝင်များ၊ ဥသျှစ်ပင်မြို့ စခန်းမှူးဗိုလ်ကြီး ဝင်းဆန်း၊ ပြည်မြို့ကုတင်(၅၀၀) အထွေထွေရောဂါ ကုဆေးရုံကြီးမှ ဆေးရုံ အုပ်ကြီး ဒေါက်တာသီတာစိုး၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသန်းထိုက်စိုးနှင့်တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

လပြည့်လင်း(ပြန်/ဆက်)