ဘားအံ၌ ဒီဇင်ဘာလူထုအားကစားလ(စတုတ္ထပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲနှင့် ဥပ္ပါတသန္တိပါဠိတော်ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲမင်္ဂလာအခမ်းအနား ကျင်းပ

ဘားအံ ဒီဇင်ဘာ ၂၃

၂၀၂၃ ခုနှစ် ဒီဇင်ဘာလူထုအားကစားလ(စတုတ္ထပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲနှင့် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများဆောင်ရွက်ခြင်းကို ယနေ့နံနက် ၅ နာရီခွဲခန့်က ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်၊ သီရိလမ်း၊ ဝန်ကြီးများအိမ်ရာရှေ့၌ စုရပ်ပြုလုပ်၍ ကျင်းပသည်။

လူထုစုပေါင်းလမ်းလျှောက်ပွဲတွင် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသူကျော်နှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဘားအံတက္ကသိုလ်၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း(ဘားအံ)၊ ဘားအံပညာရေးဒီဂရီကောလိပ်တို့မှ သင်တန်းသား၊ သင်တန်းသူ၊ ဆရာ၊ ဆရာမများ၊ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမများ၊ ဒေသခံတိုင်းရင်းသားပြည်သူများ စုစုပေါင်းအင်အား ၂၂၅၀ ဦးခန့် အေးချမ်းပျော်ရွှင်စွာပါဝင်ဆင်နွဲခဲ့ကြသည်။

ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် စုပေါင်းလူထုလမ်းလျှောက်ပွဲပါဝင်ဆင်နွဲသူများသည် စုရပ်ဖြစ်သော ဝန်ကြီးများအိမ်ယာရှေ့မှ သီရိလမ်း၊ အထက(၄)ကျောင်းလမ်း၊ မာန်းနဲစန်လမ်း၊ ကျော်ဇေယျလမ်း၊ ဆေးရုံးလမ်းမှတစ်ဆင့် သီရိလမ်းအတိုင်း သီရိကွင်းအတွင်းသို့ ပြန်လည်ဝင်ရောက် စုပေါင်းလမ်းလျှောက်ခဲ့ကြပြီး သီရိကွင်းအတွင်း၌ တစ်ဦးနှင့်တစ်ဦး ရှေ့၊ နောက်၊ ဘယ်၊ ညာ (၆)ပေအကွာ အနေအထားဖြင့် အကြောလျော့ လေ့ကျင့်ခန်းများ ဆောင်ရွက်ကာ စုပေါင်းကိုယ်လက်ကြံခိုင်ရေးလေ့ကျင့်ခန်းအစီအစဉ် အတွဲအမှတ်(၁)နှင့် အမှတ်(၂) တို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

လူထုစုပေါင်းလမ်းလျှောက်ပွဲနှင့် စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်း ပါဝင်ဆောင်ရွက်သူများအား လမ်းဦးစီးဌာနမှ  ကောက်ညှင်းပေါင်း၊ အကြော်စုံတို့ဖြင့် နံနက်စာတည်ခင်းဧည့်ခံခဲ့ကြပြီး လူထုစုပေါင်းလမ်းလျှောက်ပွဲနှင့် စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းဆောင်ရွက်အပြီးတွင် ကရင်ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှဦးစီး၍ အမျိုးသမီးသီရိကွင်းနှစ်ပတ်(မီတာ ၃၀၀၀)အပြေးပြိုင်ပွဲကို ကျင်းပခဲ့ကာ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များဇနီးများက ဆုရရှိသူများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ကြ သည်။

အလားတူ Small goal သွင်းပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲ၊ သံလုံးပစ်ပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲတို့ကိုလည်း ကျင်းပပေးခဲ့ပြီး ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက လိုက်လံကြည့်ရှု အားပေးခဲ့ကြကာ  ဆုရရှိသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ဆက်လက်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော ဥပ္ပါတသန္တိပါဠိတော် ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲမင်္ဂလာအခမ်းအနားကို ဒီဇင်ဘာလ ၂၃ ရက်နေ့ ယနေ့နံနက် ၉ နာရီခွဲက ပြည်နယ်ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းဓမ္မာရုံ၌ ကျင်းပရာ နိုင်ငံတော်ဩဝါဒစရိယ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ကျောင်းအုပ်ဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဝိဇ္ဇာနန္ဒအမှူးပြုသော ထေရ်ကြီးဝါကြီးဆရာတော်ကြီးများ၊ ဥပ္ပါတသန္တိပါဠိတော်ကို ရွတ်ဖတ်ပူဇော်ခဲ့ကြသည့် ဘာဏက သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြသည်။

ဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး  ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသူကျော်နှင့်အစိုးရအဖွဲ့ဝင်များ၊ ၎င်းတို့၏ ဇနီးများနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့သည် နိုင်ငံတော်ဩဝါဒစရိယ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ကျောင်းအုပ်ဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတဘဒ္ဒန္တဝိဇ္ဇာနန္ဒမထေရ်မြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။

ထို့နောက် သံဃာတော်အရှင်သူမြတ်များ ရွတ်ဖတ်သရဇ္ဈာယ်တော်မူသော မေတ္တာသုတ်ပရိတ်တော်များကို နာယူကြည်ညိုကြပြီး ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများက သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းကြကာ ပြည်နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ(မူလဒွါရ) အမိတာရာမရဲကျောင်းဆရာတော်  ဘဒ္ဒန္တဂုဏာလင်္ကာရထံမှ ဩဝါဒကထာနာယူ၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှ ပေးဝေခဲ့ကြသည်။

ယင်းနောက် အခမ်းအနားမှူးက နတ်ဗြဟ္မာများအား ပြန်လည်ပို့ဆေင်၍ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ဥပ္ပါတသန္တိပါဠိတော်ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲမင်္ဂလာအခမ်းအနားကို ရုတ်သိမ်းပြီး ကြွရောက်ချီးမြှင့်တော်မူသော ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)