ဘားအံမြို့၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အကြိုအထိမ်းအမှတ် စာပေစကားဝိုင်း ကျင်းပ

ဘားအံ ဒီဇင်ဘာ ၂၃

ကရင်ပြည်နယ်၊ ဘားအံမြို့ နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန အမျိူးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(ဘားအံ)၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အကြိုအထိမ်းအမှတ် စာပေစကားဝိုင်းကို ယမန်နေ့နံနက်ပိုင်း ကျင်းပပြုလုပ်ရာ ပြည်နယ်ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် ကရင်ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းဥက္ကဋ္ဌ၊ ခရိုင်အမျိူးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ၊ ကျောင်းအုပ်ဆရာမကြီးနှင့် သင်တန်းသား၊ သင်တန်းသူ (၅၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

ရှေးဦးစွာ ဘားအံခရိုင်အမျိူးသမီးရေးရာဥက္ကဋ္ဌ ဒေါ်တင်တင်စန်းက အမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေးဟောပြောပြီး ဘားအံခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေးက စာပေစကားဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အကြိုအထိမ်းအမှတ် စာပေစကားဝိုင်းကို ကျင်းပပြုလုပ်ရာ ဘားအံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေးက အစီအစဉ်တင်ဆက်သူအဖြစ် ဆောင်ရွက်ပြီး စာရေးဆရာ မောင်ခင်မင်(ဓနုဖြူ) ရေးသားသည့် အမွေခံတစ်ယောက်အမွေပေးသူတစ်ရာ စာအုပ်တွင်ပါရှိသည့် နောက်တစ်ချက် ထပ်ရိုက်ပါ၊ ဆရာတပည့်ပုံရိပ်များ စသည့်အကြောင်းအရာများကို သင်တန်းသူ မအေးသူဇာအောင်ကလည်းကောင်း၊ ချစ်သမီးလေးများအတွက်၊ လူငယ်များအတွက်ဇာတက စသည့်အကြောင်းအရာများကို သင်တန်းသူ နော်ထူးဝါးကလည်းကောင်း ဆရာမတိုက်ကျွေးသော အားဆေးစကား၊ ဆရာနှင့်ပတ်သက်သည့် အတွေးများ စသည့်အကြောင်းအရာများကို သင်တန်းသူ မြတ်သဇင်ဝင်းကလည်းကောင်း၊ အစွမ်းထက်သော၊ သွက်လက်သော၊ ထက်မြက်သော တပည့်တွေအကြောင်း စသည့် အကြောင်းအရာများကို သင်တန်းသူ မအိပြည့်စုံကလည်းကောင်း၊ မဖြေနိုင်လျှင် မအောင်ချင်နှင့်၊ ဆရာ၊ ဆရာမအဆင့်မှ မှတ်စုပေးသူအဆင့်သို့ စသည့်အကြောင်းအရာများကို သင်တန်းသူ နော်အန်စက်ဝါးဖောကလည်းကောင် အသီးသီးဆွေးနွေးခဲ့ကြပြီးနောက် တက်ရောက်လာသော သင်တန်းသား၊ သင်တန်းသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ရာ ကရင်ပြည်နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်းဥက္ကဋ္ဌနှင့် ဦးဆောင်ဆွေးနွေးကြသူများက ပြန်လည်ဖြေကြားခဲ့ကြကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)