မြောင်းမြမြို့ အ.ထ.က(၁)ကျောင်းတွင် ဟောပြောပွဲနှင့် ပြပွဲများ ပြုလုပ်

မြောင်းမြ ဒီဇင်ဘာ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၊ အ.ထ.က (၁)ကျောင်း ပညာရတနာခန်းမ၌ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း(နည်းပြ)သင်တန်းမှ ဆရာ/ဆရာမများအား ကျောင်းသား/သူများ ကျောင်းစာအပြင် အခြားအထွေထွေဗဟုသုတနှင့် စာဖတ်သည့် အလေ့အထများရှိလာ‌အောင် ပြုစုပျိုးထောင်ပေးရန် ရည်ရွယ်၍ ဟောပြောပွဲနှင့် နံရံစာစောင်၊ စာအုပ်စာစောင်ပြပွဲများကို ယနေ့  နံနက် (၁၀) နာရီအချိန်က ပြုလုပ်ခဲ့‌ကြောင်း သိရသည်။

ရှေးဦးစွာ မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်ဝေဝေမြင့်က "လူငယ်များ စာဖတ်သည့် အလေ့အထများဖြစ်‌လာစေရန် ပျိုးထောင်နည်း”ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပြီး ဆရာ/ဆရာမများ သိလိုသည့် မေးမြန်းချက်များကို ပြန်လည်ဆွေးနွေးပြောကြားခဲ့သည်။      

အဆိုပါ ဟောပြောပွဲတွင်  ပြသထားသော နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များအား အခြေခံစာတတ်မြောက်ရေးလုပ်ငန်း (နည်းပြ)သင်တန်းမှ ဆရာ/ဆရာမများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများ၊ လူငယ်များ၊ ကျောင်းသား/သူများ စာဖတ်ရှိန်မြင့်မားလာပြီး အသိပညာဗဟုသုတ ကြွယ်ဝလာစေရန်အတွက် စာဖတ်ဝိုင်းဆွေးနွေးပွဲများ၊ ဟောပြောပွဲများ၊ စာအုပ်ပြပွဲများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဝေဝေ(မြောင်းမြ)