ရေဖြူ၊ အောက်တိုဘာ ၂၇
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ကိုဗစ်-၁၉ကာလအတွင်း စည်ပင် သာယာဈေးများ၌ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဈေးရောင်းချနေမှုအခြေအနေကိုသိရှိရန် မြို့နယ်စည်ပင်သာယာရေး ကော်မတီဝင်များနှင့်ပူးပေါင်းအဖွဲ့တို့ ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် လူစုလူဝေးနေရာများဖြစ်သည့် ဈေးများမှတစ်ဆင့် ကိုဗစ်-၁၉ရောဂါ မဖြစ်ပွား စေရန်၊ ဈေးရောင်းဈေးဝယ်များ နှာခေါင်းစည်း (Mask)၊ လက်အိတ်၊ Face Shieldများ တပ်ဆင်ပြီးမှသာ ဈေးရောင်း ဈေးဝယ်ကြရန်၊ ရောဂါထိန်းချုပ်မှုပြုနိုင်ရေးအတွက် ဈေးဝယ်သူများ တစ်ဦးနှင့်တစ်ဦး သတ်မှတ်အကွာ အဝေးတွင် ရောင်းကြဝယ်ကြရန်၊ လက်ကို မကြာခဏဆေးကြောရန် စသည့် ကျန်းမာရေး အသိပညာပေး ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာ၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးနိုင်ထွေးနှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ ပူးပေါင်း၍ ရေဖြူ အရှေ့၊ အနောက်ဈေး၊ ကံပေါက်ဈေး၊ ကလိန်အောင်ဈေးနှင့် ညင်းထွေးဈေးတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် စည်းကမ်းချက်များအပေါ် လိုက်နာကြရန်၊ လိုက်နာဆောင်ရွက်မှုမရှိပါက အပြစ်ပေးအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဖြူဖြူရှိန်(ရေဖြူ ပြန်/ဆက်)