တောင်တွင်းကြီးမြို့နယ်၌ ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲ(စတုတ္ထပတ်)နှင့် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများ ဆောင်ရွက်

တောင်တွင်းကြီး ဒီဇင်ဘာ  ၂၃

တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်စေရန်၊ အမျိုးသားအားကစားအဆင့်အတန်း တိုးတက်မြင့်မားစေရန်၊ လူတဦးချင်းစီမှအစပြု၍ တမျိုးသားလုံးကျန်းမာကြံခိုင်စေရေးနှင့် မြန်မာ့အားကစားလောကအဆင့် တိုးတက်မြင့်မားရေးအတွက် ပြည်သူလူထုပါဝင်သည့် အားကစားလှုပ်ရှားမှုများ ပိုမိုဆောင်ရွက်လာနိုင်စေရန်ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှု(စတုတ္ထပတ်) စုပေါင်းလမ်းလျှောက်ပွဲနှင့် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများ စုပေါင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၅ နာရီက မြို့လယ်လေးလမ်းဆုံစုရပ်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများသည်  မြို့လယ်လမ်းဆုံစုရပ်မှ  ပြည်လမ်းအတိုင်း ပျော်ရွှင်စွာ စုပေါင်းလမ်းလျှောက်ခဲ့ကြပြီး စုရပ်သို့ ပြန်လည်ရောက်ရှိလာကာ အကြောလျှော့လေ့ကျင့်ခန်းများဆောင်ရွက်၍ စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းအစီအစဉ်များဖြစ်သည့် အတွဲအမှတ်(၁)နှင့် အမှတ်(၂)တို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

လမ်းလျှောက်ခြင်းသည် ကျန်းမာရေးကို များစွာအထောက်အကူပြုပြီး ယခုကဲ့သို့ ဆောင်းရာသီအချိန်တွင် လမ်းလျှောက်ရန်အကောင်းဆုံးဖြစ်ကြောင်း၊ နံနက်စောစောလမ်းလျှောက်ပါက ဦးနှောက်နှင့် အာရုံကြောကို အားကောင်းစေပြီး အယ်လ်ဇိုင်းမားရောဂါကို ကာကွယ်ပေးကြောင်းနှင့် အသက်ကြီးရင့်သူများတွင် သတိမေ့ရောဂါ မဖြစ်အောင်လည်း ကာကွယ်ပေးကြောင်း သိရသည်။

လူထုလမ်းလျှောက်ပွဲ တမျိုးသားလုံးကျန်းမာကြံခိုင်စေရေးအတွက် အမျိုးသားအားကစားစိတ်ဓာတ်အပြည့်အဝဖြင့် ပြည်သူတရပ်လုံး လူပ်ရှားပါဝင်ဆင်နွှဲစေရန် ရည်ကျင်းပရခြင်းဖြစ်ကြောင်းနှင့် ဒီဇင်ဘာလ၏ လူထုစုပေါင်းလမ်းလျှောက်ပွဲ(ပဥ္စမပတ်)ကို(၃၀.၁၂.၂၀၂၃)ရက်နေ့တွင် ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ပြီး ဌာနဆိုင်ရာဝန်ထမ်းများအပြင် ဝန်ထမ်းမိသားစုဝင်များ၊ ကျောင်းသား/ကျောင်းသူများ၊ ရပ်ကွက်နေပြည်သူများ ပျော်ပျော်ပါးပါး ပါဝင်ဆင်နွှဲသွားမည်ဖြစ်ကြောင်း သိရသည်။

ရန်နောင်စိုး(ပြန်/ဆက်)