ပွင့်ဖြူမြို့နယ်၌ ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ကြက်သွန်ဖြူ သတ်မှတ်လျာထားဧက စိုက်ပျိုးပြီးစီး

ပွင့်ဖြူ    ဒီဇင်ဘာ  ၂၃

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ကြက်သွန်ဖြူစိုက်ပျိုး ခြင်းကို သတ်မှတ်လျာထားဧက ပြည့်မီအောင် စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။

ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ကြက်သွန်ဖြူ စိုက်ပျိုးရေးကိုဒေသတွင်း စားနပ်ရိက္ခာဖူလုံစေရန်အတွက် ဒေသခံတောင်သူများက မုန်းချောင်းရေနှင့် မြေအောက်ရေတို့ဖြင့် နိုဝင်ဘာလ ဒုတိယပတ်က စတင်စိုက်ပျိုးခဲ့ရာ ဒီဇင်ဘာလ ဒုတိယပတ်တွင် သတ်မှတ်လျာထားဧက ပြည့်မီအောင် စိုက်ပျိုးပြီးစီးခဲ့ကြောင်း သိရသည်။

"ဒီနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ စားဖိုဆောင်သီးနှံဖြစ်တဲ့ ကြက်သွန်ဖြူသီးနှံ စိုက်ပျိုးခြင်းကို ၂၈ ဧက စိုက်ပျိုးရန် လျာထားခဲ့ရာ ဒေသခံတောင်သူတွေက လျာထားဧက ပြည့်မီအောင် စိုက်ပျိုးနိုင်ရေးအတွက် နိုဝင်ဘာလ ဒုတိယပတ်လောက်စပြီး မုန်းချောင်းရေနဲ့ မြေအောက်ရေတို့ကို အမှီပြုပြီး ကြိုးပမ်းစိုက်ပျိုးခဲ့ပါတယ်။ ယခုဆိုရင်သတ်မှတ်လျာထားဧက ပြည့်မီစွာ စိုက်ပျိုးပြီးစီးသွားပြီ ဖြစ်ပါ တယ်။  ဒေသခံတောင်သူတွေကိုလဲ ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ စားဖိုဆောင်သီးနှံတွေဖြစ်တဲ့ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုပ်၊ အာလူး အစရှိတဲ့ သီးနှံတွေကို အစားအစာ ဘေးကင်းလုံခြုံအောင် စိုက်ပျိုးရေးအလေ့အကျင့်ကောင်းများ(GAP)နည်းစနစ်နဲ့ စနစ်တကျ စိုက်ပျိုးကြဖို့၊ အထွက်နှုန်းကောင်းမွန်ရေး မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးကြဖို့၊ လိုအပ်တဲ့ သွင်းအားစုပစ္စည်းတွေကိုလဲ အချိုးကျ မှန်ကန်အောင် သုံးစွဲကြဖို့ကို ဝန်ထမ်းတွေက တောင်သူပညာပေးလုပ်ငန်းများကို အနီးကပ် ပံ့ပိုးကူညီဆောင်ရွက်ပေးပါတယ်။ စိုက်ပျိုးရန် လျာထားဧက မပြည့်မီသေးတဲ့ သီးနှံတွေကိုလဲ လျာထားဧက ပြည့်မီအောင် စိုက်ပျိုးကြဖို့ တွန်းအားပေးဆောင်ရွက်နေပါတယ်" ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောသည်။

ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဒေသတွင်း စားနပ်ရိက္ခာဖူလုံစေရန်နှင့် ပြည်တွင်းစားသုံးမှု လိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရေးအတွက် ဖူးစားပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပန်းနှမ်းစသည့် ဆီထွက် သီးနှံများ၊ ပဲမျိုးစုံသီးနှံများ၊ စားဖိုဆောင်သီးနှံများ၊ ကျွဲနွားတိရစ္ဆာန်အစာနှင့် အခြားအထွေထွေစားသုံးသီးနှံများ၊ စုစုပေါင်းဆောင်းသီးနှံစုံဧက ၇၅၄၇၆ ဧက လျာထား စိုက်ပျိုး ဆောင်ရွက်လျက်ရှိပြီး ယနေ့အထိ ဆောင်းသီးနှံစုံစိုက်ဧက ၅၉၂၈၉ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)