သက်တန့်ရောင်ငွေစုငွေချေးသမဝါယမအသင်းမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် အသင်းသားများ၏စုဆောင်းငွေအပေါ်အတိုးပေးအပ်ခြင်းအခမ်းအနားပြုလုပ်

သရက်ချောင်း၊ အောက်တိုဘာ ၂၇

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် သက်တန့်ရောင်ငွေစုငွေချေးသမဝါယမအသင်းမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် အသင်းသားများ၏ စုဆောင်း‌ငွေအပေါ်အတိုးများပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဂင်ဂင်ကြူက အမှာစကားပြောကြားရာတွင် သက်တန့်ရောင်ငွေစုငွေချေးသမဝါယမအသင်းအနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် အသင်းသားများ၏ စုဆောင်းထားသည့်ငွေအပေါ်တွင် ညွှန်ကြားထားသော လုပ်ထုံးလုပ်နည်းများအတိုင်း အတိုးများမှန်ကန်စွာ ထုတ်ချေးပေးသည့်အပြင် ယခုကဲ့သို့ ကိုဗစ်-၁၉ကာလအတွင်း လူမှုရေးအခက်အခဲများ အဆင်ပြေစေရန် အမှုဆောင်အဖွဲ့မှ စီစဉ်ထုတ်ပေးသည့်အတွက် ပိုမိုအဆင်ပြေကောင်းမွန်ပါကြောင်း ပြောကြားခဲ့သည်။

ထိုသို့စုဆောင်းထားသောငွေအပေါ် အတိုးပေးအပ်ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ အသင်းသား (၁၁၀၀) ဦး အတွက် ကျပ်သန်း (၃၄ ဒသမ ၁၁၀) သန်းကို တာဝန်ရှိသူများကပေးအပ်ခဲ့ကြောင်း သိရသည်။

နိုင်ဝင်း(ပြန်/ဆက်)