တမူးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့်နံရံကပ်စာစောင် ဓာတ်ပုံပြပွဲပြုလုပ်

တမူး  ဒီဇင်ဘာ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာနတွင်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲကို ယမန်နေ့ ည​နေ (၃) နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် တမူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးညီညီဇော်မှ ကလေးအလုပ်သမားများကြုံတွေ့နေရသည့် ရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာ အခက်အခဲများ၊ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ ရည်မှန်းချက်များဖြစ်သည့် ကလေးများအား ကလေးအလုပ်သမားခိုင်းစေမှု အထူးသဖြင့် အဆိုးဝါးဆုံးပုံစံဖြင့် ခိုင်းစေမှုများအား လျော့နည်းပပျောက်စေရန်နှင့် ထိရောက်စွာ တားဆီးကာကွယ်ပေးရေး ဥပဒေအရ တရားဝင်အလုပ်လုပ်ကိုင်ခွင့်ရှိသည့် ကလေးအလုပ် သမားများအား ဥပဒေနှင့်အညီ ထိရောက်စွာ အကာအကွယ်ပေးရေး အန္တရာယ်ရှိသော အလုပ်နှင့်လုပ်ငန်းခွင်များတွင် လုပ်ကိုင် နေရသည့် ကလေးအလုပ်သမားများအား ဖယ်ရှားပြီး သင့်လျော်ကောင်းမွန်သည့် အလုပ်အကိုင် ရရှိရေးနှင့် သက်မွေးပညာကျောင်းများ တက်ရောက်နိုင်ရေး စီမံပေးရေးကိစ္စရပ်များကို အကျယ်တဝင့် ဟောပြောခဲ့သည်။

အဆိုပါ ဟောပြောပွဲသို့  ကျောင်းသား/ ကျောင်းသူများ၊ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများ  တက်ရောက်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှပြသထားသည့် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များနှင့် ဓာတ်ပုံများ ကို လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

 ရတနာ