ပွင့်ဖြူ ဒီဇင်ဘာ ၂၃
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ အားကစားလ စတုတ္ထပတ်အဖြစ် လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက် ၆ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင် စုရပ်ပြုလုပ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများက ပျော်ရွှင်စွာ ပူးပေါင်းပါဝင် ဆင်နွှဲခဲ့ကြသည်။
ရှေးဦးစွာ ပွင့်ဖြူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် စုပေါင်းလမ်းလျှောက်ပွဲ ပါဝင်ဆင်နွှဲကြသူများက စုရပ်ဖြစ်သည့် မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့မှ ပွင့်ဖြူ-မင်းဘူး-စလင်းသွားကားလမ်းမကြီးအတိုင်း ပွင့်ဖြူမြို့တွင်း လေးတိုင်စင်လမ်းဆုံအထိ စုပေါင်းလမ်းလျှောက်ခဲ့ကြပြီး မြို့နယ်ပြည်သူ့အားကစားကွင်းသို့ ပြန်လည်ဝင်ရောက်ခဲ့ကာ မြို့နယ်အားကစားမှူးနှင့် ဝန်ထမ်းများ၏ ဦးဆောင်မှုဖြင့် အကြောလျှော့ လေ့ကျင့်ခန်းများနှင့် ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းများကို တစ်ပျော်တစ်ပါး စုပေါင်းပြုလုပ်ခဲ့ကြသည်။
ပွင့်ဖြူမြို့နယ်၌ ဒီဇင်ဘာ အားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲကို အများပြည်သူ ကိုယ်ခန္ဓာ ကျန်းမာသန်စွမ်းပြီး စိတ်နှလုံးရွှင်လန်းစေရန်၊ စည်းလုံးညီညွတ်စွာဖြင့် ကိုယ်လက်ကျန်းမာ လေ့ကျင့်မှုများ ဆောင်ရွက်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရန် ရည်ရွယ်၍ နှစ်စဉ် ကျင်းပဆင်နွှဲလျက်ရှိကြောင်း သိရကာ ယနေ့နံနက်ပိုင်းက ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ အားကစားလ စတုတ္ထပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲနှင့် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ ပြုလုပ်ဆောင်ရွက်ခဲ့ရာ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ စုစုပေါင်း အင်အား ၃၃၀ ဦးခန့် ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)