ကြံခင်းမြို့နယ်တွင် စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးအထက်တန်းကျောင်း တက်ရောက်နိုင်ရေး အခွင့်အလမ်းဆိုင်ရာ အသိပညာပေးဟောပြော

ကြံခင်း ဒီဇင်ဘာ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် စက်မှု၊စိုက်ပျိုးရေးနှင့်မွေးမြူရေးအထက်တန်းကျောင်း တက်ရောက်နိုင်ရေး အခွင့်အလမ်းဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို ယမန်နေ့နံနက်ပိုင်းက ဘက်ရဲမြို့ အမှတ်(၁)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် ကိုးအင်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးများတွင်  ဆောင်ရွက်ကြသည်။

အဆိုပါအသိပညာပေးဟောပြောပွဲတွင် သက်ဆိုင်ရာရပ်/ကျေးအုပ်ချုပ်ရေးမှတာဝန်ရှိသူများက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန  လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဝင်းကိုက ၂၀၂၃/၂၄ပညာသင်နှစ်တွင် (Grade-9)အောင်မြင်ပြီးသော ကျောင်းသား/သူများ အသက်မွေးဝမ်းကျောင်းပညာ ဖွင့်လှစ်သင်ကြားပေးမှာဖြစ်သကဲ့သို့ နိုင်ငံတော်၏ စီးပွားရေးကို အထောက်အကူပြုနိုင်စေရန်နှင့် အစိုးရနှင့်ပုဂ္ဂလိကစိုက်ပျိုး၊ မွေးမြူရေးဆိုင်ရာလုပ်ငန်းများတွင် လိုအပ်သော စိုက်ပျိုး၊ မွေးမြူရေးကျွမ်းကျင်လုပ်သားများ ပြုစုပျိုးထောင်ပေးနိုင်မှာဖြစ်ပါကြောင်း၊ တက်ရောက်သင်ကြားမည့် ကျောင်းသား/သူများကို ထောက်ပံ့ပေးမည့် အစီအစဉ်များ၊ ပညာသင်ယူနိုင်မည့် အခွင့်အရေးများနှင့်ပတ်သက်၍ အသိပညာပေးဟောပြောသည်။

ထို့နောက် ဟောပြောပွဲတက်ရောက်လာကြသော ကျောင်းသားမိဘများ၊ ဒေသနေပြည်သူများက သိရှိလိုသော အချက်များ ဆွေးနွေးကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးပြောကြားကြောင်း သိရသည်။

ဆက်လက်၍ နေ့လယ်ပိုင်းတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဝင်းကိုနှင့် တာဝန်ရှိသူများက (အ.ထ.က)ချင်းမြောင်ကျောင်းပညာရတနာခန်းမတွင် စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးအထက်တန်းကျောင်း ကျောင်းသား/သူများအား မွေးမြူရေးအခွင့်အလမ်းဆိုင်ရာအချက်များနှင့် အထောက်အကူပြု ဘာသာရပ်ဆိုင်ရာများအား ပရိုဂျက်တာဖြင့် ရှင်းလင်းဆွေးနွေးကြရာ ကျောင်းသား/သူများက သိရှိလိုသည့် အချက်များအား မေးမြန်းဆွေးနွေးကြပြီး တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)