ဂန့်ဂေါ အောက်တိုဘာ ၂၇
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ(၈)ရက်နေ့တွင် ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက်(၆၀)နှစ်အထက် ကြိုတင်ဆန္ဒမဲပေးမည့် လူဦးရေ(၁၅၈၉၁)ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်ဆုရည်ဖြိုး ထံမှ သိရသည်။
အဆိုပါ အသက်(၆၀)နှစ်အထက် သက်ကြီးဘိုးဘွားများကို အောက်တိုဘာ ၂၉ ရက်နေ့မှ စတင်၍ နိုဝင်ဘာ ၅ ရက်နေ့အထိ ကြိုတင်ဆန္ဒမဲများပေးရမှာဖြစ်ပြီး ကျန်းမာရေးမကောင်းမွန်သည့် သက်ကြီးဘိုးဘွားများအား သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ မှ တာဝန်ရှိသူများက လိုက်လံကောက်ယူမည်ဖြစ်ပြီး ကျန်းမာရေးကောင်းမွန်သည့် သက်ကြီးဘိုးဘွား များက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများသို့ ကိုယ်တိုင်သွား ရောက်၍ ကြိုတင်ဆန္ဒမဲများ ပေးနိုင်မည်ဖြစ်သည်။
ဂန့်ဂေါမြို့နယ်၌ မဲရုံပေါင်း (၁၈၃)ရုံရှိပြီး ရပ်ကွက်/ကျေးရွာ (၇၇) အုပ်စုမှ အသက် ၁၈ နှစ် ပြည့်ပြီး ဆန္ဒမဲပေးခွင့်ရှိသူ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများအရ (၁၀၈၄၉၆)ဦးရှိကြောင်း သိရသည်။
ထင်အောင်နိုင်(ဂန့်ဂေါ)