ရွှေအစစ်ဖြင့် ကပ်လှူပူဇော်ထားသော မန်းရွှေစက်တော် အောက်စက်တော်ရာ ဘုံ(၇)ဆင့်ကို ပြန်လည်ပြုပြင်မွမ်းမံ၍ ရွှေသင်္ကန်းများ ဆက်ကပ်လှူဒါန်းသွားမည်

မင်းဘူး ဒီဇင်ဘာ ၂၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားကြီး၌ ရွှေအစစ်ဖြင့် ကပ်လှူပူဇော်ထားသော မန်းရွှေစက်တော် အောက်စက်တော်ရာ ဘုံ(၇)ဆင့်ကို ပြန်လည်ပြုပြင်မွမ်းမံမှုများ ဆောင်ရွက်၍ ရွှေသင်္ကန်းများ ဆက်ကပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း မန်းရွှေစက်တော်ဘုရားပွဲတော်ကျင်းပရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းထံမှ သိရသည်။

အောက်စက်တော်ရာ ဘုံ(၇)ဆင့်သည် ရှေးယခင်ကပင် ရွှေအစစ်ဖြင့် ရွှေချကပ်လှူပူဇော်ထားပြီး ရွှေခွာခြင်းလုပ်ငန်းများကို တင်ဒါစနစ်ဖြင့် စီမံဆောင်ရွက်၍ သဘာဝဘေးကြောင့် ပျက်စီး/ပျောက်ဆုံးနေသော ပန်းပုလက်ရာများကို နဂိုမူလပုံစံအတိုင်း ရှေးမူလက်ရာမပျက် (ရွှေချခြင်း) ရွှေသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက ပြောသည်။

အဆိုပါဘုံ(၇)ဆင့်အား ပြန်လည်ပြုပြင်မွမ်းမံ၍ ရွှေသင်္ကန်းများ ဆက်ကပ်လှူဒါန်းနိုင်ရန် ရွှေချွတ်လုပ်ငန်းဆောင်ရွက်လိုသူများကို နိုဝင်ဘာလ ၂၄ ရက်မှ ဒီဇင်ဘာလ ၈ ရက်နေ့အထိ အဆိုပြုလွှာ တင်ဒါစနစ်ဖြင့် ခေါ်ယူ၍ လုပ်ငန်းရှင် (၇)ဦးက အဆိုပြုလျှောက်လွှာတင်သွင်းပြီး တင်ဒါအောင်မြင်ခဲ့သော သိဒ္ဒိရှင်ရွှေဆိုင်းလုပ်ငန်းက ဘုရားပွဲတော်ရက်မတိုင်မီ အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း မန်းရွှေစက်တော် ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။

ထို့အပြင် မန်းရွှေစက်တော်ဘုရားကြီးတွင် ဘက်စုံပြုပြင်မွမ်းမံမှုအနေဖြင့် အောက်စက်တော်ရာနှင့် အထက်စက်တော်ရာ ဘုရားမျက်နှာကျက်များကို ရှေးမူလက်ရာများဖြင့် ပုဂံဒေသမှ ယွန်းပညာရှင်များကိုခေါ်ယူ၍ ယွန်းအလှပန်းများတပ်ဆင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ အောက်စက်တော်ရာ ဘုံ(၇)ဆင့်သည် ရှေးယခင်ကပင် သစ်သားပန်းပုလက်ရာများဖြင့် အနုပညာလက်ရာမြောက်စွာဖြင့် ဆောင်ရွက်ထားရှိပြီး နှစ်ကာလများစွာကြာမြင့်မှုကြောင့် ပျက်စီးယိုယွင်းမှုများနှင့် သဘာဝဘေးဒဏ်ကြောင့် ပျက်စီး/ပျောက်ဆုံးမှုများ ရှိခဲ့သည့်အတွက် ရှေးမူလက်ရာပျက် ပုံစံတူပြုပြင်၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မန်းရွှေစက်တော် ဘုရားပွဲတော်ကြီးကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက် (တပို့တွဲလဆန်း ၅ ရက်)နေ့တွင် စတင် ဖွင့်လှစ်၍ စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)