မင်းဘူးမြို့၌ ဒီဇင်ဘာအားကစားလ စတုတ္ထပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများနှင့် ကျောင်းသားကျောင်းသူများ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲ

မင်းဘူး    ဒီဇင်ဘာ  ၂၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ အားကစားလ စတုတ္ထပတ် လူထုစုပေါင်း လမ်းလျှောက်ပွဲနှင့် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ စုပေါင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၅ နာရီ ၄၅ မိနစ်အချိန်က မင်းဘူးမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းအနီး မိန်းလမ်းမကြီးတွင် စုရပ်ပြုလုပ်၍ ကျင်းပရာ မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဆရာ/ ဆရာမများနှင့် ကျောင်းသားကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် စုပေါင်းလမ်းလျှောက်ပွဲသို့ ပါဝင်ဆင်နွှဲကြသူများက စုရပ်ဖြစ်သည့် မင်းဘူးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှေ့မှ မြို့တွင်းမိန်းလမ်းမကြီး အတိုင်း မင်းဘူးမြို့အဝင် အဝိုင်းပတ်လမ်းဆုံအထိ ပျော်ရွှင်စွာ စုပေါင်းလမ်းလျှောက်ခဲ့ကြပြီး ဦးဩဘာသခန်းမသို့ ပြန်လည်ဝင်ရောက်ခဲ့ကာ ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာန၏ ဦးဆောင်မှု ဖြင့် အကြော့လျှော့ လေ့ကျင့်ခန်းများနှင့် ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းများကို တစ်ပျော်တစ်ပါး စုပေါင်းဆောင်ရွက်ခဲ့ကြပြီး ဌာနဆိုင်ရာတာဝန်ရှိသူများက လမ်းလျှောက်ပွဲ ပါဝင်ဆင်နွှဲခဲ့ကြသူများကို နံနက်စာ ကောက်ညှင်းပေါင်းများဖြင့် ကျွေးမွေးခဲ့ကြကြောင်း သိရသည်။

မင်းဘူးမြို့၌ ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဒီဇင်ဘာ အားကစားလ လူထုစုပေါင်း လမ်းလျှောက်ပွဲကို ပြည်သူများ ကိုယ်ခန္ဓာ ကျန်းမာသန်စွမ်းပြီး စိတ်နှလုံးရွှင်လန်းစေရန်၊ စည်းလုံးညီညွတ်စွာဖြင့် ကိုယ်လက်ကျန်းမာ လေ့ကျင့်မှုများ ဆောင်ရွက်သည့် အလေ့အကျင့် ကောင်းများ ရရှိစေရန်နှင့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရန် ရည်ရွယ်၍ နှစ်စဉ် ကျင်းပဆင်နွှဲ လျက်ရှိကြောင်း မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း ထံမှ သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )