လောင်းလုံးမြို့နယ်၊ သကျက်တောစျေး၌ ကိုဗစ်−၁၉ ကာလအတွင်း သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

လောင်းလုံး၊ အောက်တိုဘာ ၂၇

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ သကျက်တောစျေးတွင် ကိုဗစ်−၁၉ကာလအတွင်း သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်းရှိ/မရှိစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။

ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် လောင်းလုံးမြို့နယ်အတွင်းရှိ လူစည်ကားနေရာဖြစ်သော စျေးများ၊ စားသောက် ဆိုင်များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နှာခေါင်းစည်း(Mask)နှင့် Face Shield တပ်ဆင် ပြီးမှသာ စျေးရောင်း/စျေးဝယ်ကြစေရန်၊ စျေးရောင်း/စျေးဝယ်သူများအား တစ်ဦးနှင့်တစ်ဦး သတ်မှတ် အကွာအဝေးတွင် ရောင်းချဝယ်ယူကြရန်နှင့် ကိုယ်အပူချိန်တိုင်းတာပေးခြင်း ကျန်းမာရေးအသိပညာပေး​ခြင်းများကိုလည်း ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

အဆိုပါကွင်းဆင်းစစ်ဆေးရာ၌ လောင်းလုံးမြို့နယ်၊ စည်ပင်သာယာရေးအမှုဆောင်အရာရှိ ဦးကျော်ဌေးနှင့် ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ဌာနဆိုင်ရာဝန်ထမ်းများကပူးပေါင်း၍ စျေးရောင်း/စျေးဝယ်သူများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့်စည်းကမ်းချက်များအပေါ် လိုက်နာဆောင်ရွက်မှုမရှိပါက အပြစ်ပေးအရေးယူ မှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သိန်းသိန်း(ပြန်/ဆက်)