လှိုင်းဘွဲမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းဖြင့် စာဖတ်ဝိုင်း ကျင်းပ

လှိုင်းဘွဲ ဒီဇင်ဘာ ၂၂

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်း၍ လူငယ်များအနေဖြင့် အသိပညာဗဟုသုတများ တိုးပွားလာစေရန်အတွက် စာရေးဆရာ ရွှေကိုင်းသားရေးသားထားသော ရှေးခေတ်ပုဂံပြည်နှင့် သမိုင်းစာပေ၊ ယဉ်ကျေးမှုအထွေထွေ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့သည်။

စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစောသော်တာလင်းသန့်က မြို့နယ်အတွင်း ပြည်သူများအနေဖြင့် စာဖတ်ရှိန်မြင့်မားလာစေရန်၊ စာဖတ်ခြင်းကြောင့် အသိပညာတိုးပွားလာခြင်း၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူး၊ တစ်ယောက်နှင့်တစ်ယောက် အသိဗဟုသုတများ မျှဝေဖလှယ်နိုင်စေရန်အတွက် စာဖတ်ဝိုင်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club) အဖွဲ့ဝင် ဒေါ်လဲ့လဲ့ဝင်းနှင့် ဒေါ်မယုမွန်တို့က ဦးဆောင်ကာ စာရေးဆရာ ရွှေကိုင်းသား ရေးသားထားသော ရှေးခေတ်ပုဂံပြည်နှင့် သမိုင်းစာပေ၊ ယဉ်ကျေးမှုအထွေထွေစာအုပ်ထဲမှ ရှေးခေတ်ပုဂံပြည်အကြောင်း၊ ပုဂံဆေးရေးပန်းချီ၊ ရတနာပုံမြို့ရိုးကြီး၊ စာပေဂုဏ်မြောက်သော ပုဂံဘုရာရှိးခိုးတစ်ပုဒ်၊ ဟံသာဝတီနှင့် ဒုတိယမြန်မာနိုင်ငံတော် စသည့်အကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

အဆိုပါ ရှေးခေတ်ပုဂံပြည်နှင့် သမိုင်းစာပေ၊ ယဉ်ကျေးမှုအထွေထွေစာအုပ်ကို စာဖတ်ဝိုင်းဆောင်ရွက်ခြင်းအားဖြင့် လူငယ်များ ပုဂံပြည်၏ သမိုင်းများ၊ အုပ်ချုပ်ရေးစနစ်များ၊ ယဉ်ကျေးမှုများ၊ စာပေထွန်းကားမှုများ၊ သမိုင်းဝင်နေရာများ၊ ခေတ်အဆက်ဆက် ဓလေ့ထုံးတမ်းများ၊ ဗုဒ္ဓဘာသာဝင်တို့၏ တန်ဖိုးမဖြတ်နိုင်သည့် စေတီပုထိုးများ စသည့် အကြောင်းအရာများကို နားလည်သိရှိသွားမည်ဖြစ်ကြောင်း သိရှိရသည်။

စောဖိုးခွါး(ပြန်/ဆက်)