ငဖဲမြို့နယ်၌ ဆောင်းသီးနှံများ စိုက်ပျိုးရာသီတွင် စားဖိုဆောင်နှင့် အခြားအပင်မျိုးစုံ (၂၈၄၀)ဧက စိုက်ပျိုးပြီးစီး

ငဖဲ ဒီဇင်ဘာ ၂၂

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်၌ ၂၀၂၃-၂၀၂၄ ဆောင်းသီးနှံများ စိုက်ပျိုးရာသီတွင် မန်းချောင်းရေလှောင်တမံ၊ ရင်းရှည်ရေလှောင်တမံမှဆည်ရေများနှင့် မြေအောက်ရေတို့ကိုအသုံးပြု၍ ဒေသတွင်းစားနပ်ရိက္ခာဖူလုံစေရေးအတွက် စားဖိုဆောင်နှင့် အခြားအပင်မျိုးစုံ (၂၈၄၀)ဧက စိုက်ပျိုးပြီးစီးပြီး အောင်မြင်ဖြစ်ထွန်းကာ ဈေးကောင်းရောင်းချရလျက်ရှိကြောင်း သိရသည်။

၂၀၂၃-၂၀၂၄ ခုနှစ် ဆောင်းသီးနှံ(စားဖိုဆောင်နှင့်အခြား)များအဖြစ် ပန်ဖူးစားပြောင်း၊ ကြက်သွန်နီ၊ ကျွဲနွားစား(ဆောင်း)၊ ဟင်းသီးဟင်းရွက်များနှင့် ပန်းမန်လ်များကိုစိုက်ပျိုးကြပြီး  ပန်ဖူးစားပြောင်းစိုက်ပျိုးရန်(၅၃)ဧက၊ ကြက်သွန်နီ(၁၇)ဧက၊ ကျွဲနွားစား(ဆောင်း)(၂၄၄၇)ဧက၊ ဟင်းသီးဟင်းရွက်(၃၂၄)ဧကနှင့် ပန်းမာန်လ်(၇)ဧက စုစုပေါင်း(၂၈၄၈)ဧက စိုက်ပျိုးရန်လျာထားခဲ့ရာ ယနေ့ထိ ပန်ဖူးစားပြောင်း(၅၄)ဧက၊ ကြက်သွန်နီ (၂၉)ဧက၊ ကျွဲနွားစား(ဆောင်း)(၂၅၈၃)ဧက၊ ဟင်းသီးဟင်းရွက် (၁၆၇)ဧကနှင့် ပန်းမန်လ်(၇)ဧက စုစုပေါင်း(၂၈၄၀)ဧက စိုက်ပျိုးပြီးစီးပြီး ဒေသခံတောင်သူများအနေဖြင့် လျာထားချက်ပြည့်မီရေး ဆက်လက်စိုက်ပျိုးလျက်ရှိကြောင်း၊ မိုးစပါးများရိတ်သိမ်းခြွေလှေ့အပြီး လယ်မြေများတွင် ပန်ဖူးစားပြောင်းများကို အများဆုံးစိုက်ပျိုးသွားကြမည်ဖြစ်ကြောင်း၊ ဖူးစားပြောင်းနှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးရန်အတွက် အထွက်နှုန်းနှင့် အရည်အသွေးကောင်းမွန်သည့် မျိုးစေ့ထုတ်များကို ဝယ်ယူစိုက်ပျိုးကြကြောင်းနှင့် ငဖဲမြို့နယ်အနေဖြင့် ယမန်နှစ်က စားဖိုဆောင်နှင့် အခြားသီးနှံမျိုးစုံ(၂၉၈၉)ဧကကို စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။

ငဖဲမြို့နယ်တွင် စားဖိုဆောင်နှင့် အခြားသီးနှံပင်များကို ကျေးရွာအုပ်စုများရှိ ကိုင်းမြေများတွင် ကျွဲနွားစားအပင်များကို စိုက်ပျိုးကြပြီး လယ်မြေများနှင့် မန်းချောင်းတစ်လျှောက်ရှိ ချောင်းစပ်များတွင် မန်းချောင်းရေနှင့် မြေအောက်ရေတို့ကိုအသုံးပြု၍ ဟင်းသီးဟင်းရွက်မျိုးစုံကို စိုက်ပျိုးရောင်းချကြကာ ယမန်နှစ်ကထက် မျိုးစေ့ဖိုး၊ ပျိုးပင်ပေါက်ဖိုးနှင့် ဆေးဖိုးစရိတ်များ ပိုမိုကြီးမြင့်လာ၍ ထွက်ရှိသောသီးနှံများကို ဈေးနှုန်းကြီးမြင့်၍ ရောင်းချနေရကြောင်း သိရသည်။

မယု(ငဖဲ)