ရေနံချောင်းတက္ကသိုလ် နေ့သင်တန်း ကျောင်းသား၊ကျောင်းသူများထားရှိသည့် အပြင်ဘော်ဒါဆောင်များ  သတ်မှတ်စည်းကမ်းများနှင့်အညီ လက်ခံထားရှိရေး အစည်းအဝေးပြုလုပ်

ရေနံချောင်း ဒီဇင်ဘာ ၂၂

မကွေးတိုင်းဒေသကြီး ချောက်ခရိုင် ရေနံချောင်းမြို့နယ်၌ ရေနံချောင်းတက္ကသိုလ် နေ့သင်တန်းများတွင် တက်ရောက်ပညာသင်ယူလျက်ရှိသည့် ကျောင်းသား၊ကျောင်းသူများထားရှိသည့်အပြင် ဘော်ဒါဆောင်များ သတ်မှတ်စည်းကမ်းများနှင့်အညီ လက်ခံထားရှိစေရေး မြို့နယ်တာဝန်ရှိသူများနှင့် ဘော်ဒါဆောင်ပိုင်ရှင်များ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇင်ဦးက ဘော်ဒါဆောင်ဖွင့်လှစ်လုပ်ကိုင်သူများအနေဖြင့် ခွင့်ပြုချက်လိုင်စင်များ ဆောင်ရွက်ထားရှိရေး၊ မီးဘေးကြိုတင်ကာကွယ်ရေး၊ လျှပ်စစ်မီးလိုင်းကြိုးများ ကောင်းမွန်စေရေး၊ မူးယစ်ဆေးဝါးနှင့် တရားမဝင်လုပ်ငန်းများ မရှိစေရေး၊ ကျန်းမာရေးနှင့်အညီ သောက်သုံးရေလုံလောက်မှု၊ ဘော်ဒါဆောင်ပတ်ဝန်းကျင်သန့်ရှင်းသာယာမှု၊ ကျောင်းသားကျောင်းသူအင်အားနှင့် အဆောင်ဝင်ဆံ့ နိုင်မှုရှိစေရေး၊ အမျိုးသား အမျိုးသမီး ရောထွေးထားရှိမှု မရှိစေရေး၊ မလိုလားအပ်သည့် ပြဿနာများ မဖြစ်ပေါ်စေရေးနှင့် သတ်မှတ်ထားသော ဘော်ဒါဆောင်စည်းကမ်းချက်များနှင့်အညီ ထားရှိဆောင်ရွက်သွားကြရန် ဆွေးနွေးမှာ ကြားသည်။ ထို့နောက် တက်ရောက်လာသည့် ဘော်ဒါဆောင်ပိုင်ရှင်များက ကျောင်းသား၊ကျောင်းသူများ လက်ခံဆောင်ရွက်ထားရှိမှုအခြေအနေများကို ပြန်လည်တင်ပြဆွေးနွေးခဲ့ကြသည်။

အဆိုပါအစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများနှင့် ရေနံချောင်းတက္ကသိုလ်မှ တာဝန်ရှိသူများ၊ ဘော်ဒါဆောင်ကြီးကြပ်မှုကော်မတီဝင်များ၊ သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက် ဘော်ဒါဆောင်ကော်မတီဝင်များနှင့် ဘော်ဒါဆောင်ပိုင်ရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ရေနံချောင်းမြို့ သစ်တပွေရပ်ကွက်၊ သစ်တပွေကုန်းမြင့်သာရပ်၊ ညောင်လှရပ်ကွက်၊ ညောင်လှကမ်းနားရပ်တို့တွင် ဘော်ဒါဆောင်ဖွင့်လှစ်လုပ်ကိုင်သူ ဘော်ဒါဆောင်စုစုပေါင်း(၈၀)ကျော် ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)