စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့တွင် မြေပြိုမှုကြောင့် နေအိမ်ပြိုကျပျက်စီးခဲ့သည့်အိမ်ထောင်စု တစ်စုအတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုးနှင့်ကယ်ဆယ်ရေး ပစ္စည်းများ ထောက်ပံ့ပေးအပ်

တမူး အောက်တိုဘာ ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊တမူးမြို့၊စျေးတန်း(၁၁)ရပ်ကွက်တွင် အောက်တိုဘာလ ၂၃ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုကျမှု ဖြစ်ပွားခဲ့ပြီး နေအိမ်တစ်လုံး ပြိုကျ ပျက်စီးခဲ့သည့်အတွက် တမူးခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ကယ်ဆယ် ရေးပစ္စည်းများ၊အိမ်ဆောက်ပစ္စည်းတန်ဖိုးနှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေများကို အောက်တိုဘာ (၂၆)ရက်နေ့ ညနေ(၃)နာရီအချိန်ခန့်က စျေးတန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ထောက်ပံ့ပေး အပ်ခဲ့သည်။

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် နေအိမ်ပြိုကျပျက်စီးဆုံးရှုံးခဲ့သည့် အိမ်ထောင်စု တစ်စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး၊မိသားစုဝင်(၃) ဦးအတွက် ဆန်ရိက္ခာဖိုး(၆၃၀၀)ကျပ်နှင့် အိမ်ဆောက် ပစ္စည်းတန်ဖိုး(၁၀၀၀၀၀)ကျပ် တို့ကို တမူးခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသက်ဖြိုးကျော်နှင့်စျေးတန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမြင့်မောင် တို့က သဘာဝဘေးသင့် အိမ်ထောင်စု ထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိ ရသည်။

ကျော်သူရ(ပြန်/ဆက်)