မြို့သစ် ဒီဇင်ဘာ ၂၂
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် ငရုတ်စိုက်ပျိုးရာ၌ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ငရုတ်စိုက်တောင်သူများအနေဖြင့် ငရုတ်သီးစျေးကောင်းရရှိသဖြင့် ငရုတ်စိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း ဂွေးကုန်းအုပ်စု ဂွေးကုန်းကျေးရွာ ငရုတ်စိုက်တောင်သူတစ်ဦးထံမှ သိရသည်။
"ယခုနှစ်ငရုတ်စိုက်တောင်သူများအနေဖြင့် စျေးကွက်ကိုက်တယ် တစ်ပိဿာကို (၂၀၀၀)ကနေ (၂၅၀၀)ထိရောင်းရတယ်၊ စျေးထိုင်ရောင်းတဲ့သူတွေကတော့ စျေးကွက်ပိုကိုက်တာပေါ့ စိုက်ပျိုးသည့်မြေအနေအထားကတော့ ငရုတ်စိုက်တဲ့နေရာမှာတော့နှစ်သီးပေါ့၊ တစ်ခါချိုး တစ်ခါစိုက် မြေမပင်ပန်းဘဲ စိုက်လို့ရတယ်၊ လူပင်ပန်းလို့ နားမယ်ဆိုရင် ကိုယ့်ပေါ်မှာဘဲ မူတည်တာပေါ့၊ ငရုတ်သီးပထမပေါ်တုန်းက ၁၄၀၀ ထိရှိတယ် ဖြေးဖြေးချင်း ဖြိုင်ဖြိုင်ပေါ်လာတော့ စျေးနှုန်းတွေက အတက်အကျတွေဖြစ်လာတယ်၊ ယခုစျေးအတိုင်းဘဲ သွားမယ်ဆိုရင် မိသားစုအတွက်အဆင်ပြေပါတယ်"ဟု ၄င်းကပြောကြားသည်။
ငရုတ်စိုက်တောင်သူများအနေဖြင့် စိုက်ပျိုးရာတွင် ကုန်ကျစရိတ်သက်သာပြီး အပင်ပြုစုရင် ပြုစုနိုင်သလို အထွက်နှုန်းကောင်းမွန်သည့်အတွက် ငရုတ်စိုက်ပျိုးခြင်းဖြစ်ကြောင်း ဂွေးကုန်း ကျေးရွာတောင်သူထံက သိရသည်။
သန်းဝင်းထွန်း(မြို့သစ်)