ပွင့်ဖြူမြို့နယ်၌ ကိုဗစ် - ၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိသူ အမျိုးသား(၃)ဦးနှင့် အမျိုးသမီး(၃)ဦး ရောဂါ သက်သာ ပျောက်ကင်း၍ ဆေးရုံမှ ဆင်းခွင့်ရရှိ

ပွင့်ဖြူ အောက်တိုဘာ      ၂၇


မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် အောက်တိုဘာ ၂၆ ရက် ၊ ယနေ့ မွန်းလွဲ ၂ နာရီခွဲအချိန်က ပွင့်ဖြူမြို့ ၊ (အ.ထ.က)ကျောင်း ယာယီသီးခြားလူနာကုသဆောင်တွင် ထားရှိပြီး ဆေးကုသပေးနေသော ကိုဗစ်ပိုး တွေ့လူနာ (၁၂) ဦး အနက် အမျိုးသမီး(၃)ဦး ၊ အမျိုးသား(၃)ဦး ကိုဗစ် - ၁၉ ရောဂါပိုး သက်သာပျောက်ကင်း၍ ဆေးရုံဆင်းခွင့် ပြုလိုက်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ဆေးရုံအုပ်ကြီး ဒေါက်တာစိုးစိုးနိုင် ထံက သိရသည်။
အဆိုပါ ပိုးတွေ့လူနာ(၆)ဦးမှာ အောက်တိုဘာ (၁၀) ရက်နေ့က ရန်ကုန်မြို့မှ ပြန်လည် ရောက်ရှိလာပြီး မြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ စီစဉ်ထားရှိသော  ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးသိပ္ပံကျောင်း  Facility Quarantine Centre တွင် အသွားအလာကန့်သတ် နေထိုင်ခဲ့ကြောင်း ၊ အောက်တိုဘာ (၁၃) ရက်နေ့တွင် ကိုဗစ် - ၁၉ ရောဂါပိုး ရှိ/မရှိ Swab နမူနာ ရယူ၍ ရန်ကုန်အမျိုးသားကျန်းမာရေးဆိုင်ရာဓာတ်ခွဲမှုဌာန(NHL) သို့ ပေးပို့စစ်ဆေးခဲ့ရာ အောက်တိုဘာ (၁၆)ရက်နေ့တွင် ကိုဗစ် - ၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။ ၎င်းတို့အား ကိုဗစ် - ၁၉ ရောဂါပိုး တွေ့ရှိခဲ့သဖြင့် ပွင့်ဖြူမြို့၊ (အ.ထ.က)ကျောင်း ယာယီသီးခြားလူနာကုသဆောင်တွင် ပြောင်းရွှေ့ဆေးကုသမှု ခံယူစေခဲ့ရာ ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် ကျန်းမာရေးကောင်းမွန်ပြီး ကိုဗစ် - ၁၉ ရောဂါ လက္ခဏာ မတွေ့ရဘဲ သတ်မှတ်ရက် ပြည့်မြောက်တာကြောင့် ဆေးရုံဆင်းခွင့်လက်မှတ်ထုတ်ပေးခဲ့ပြီး ယာယီသီးခြားလူနာ ကုသဆောင်မှ ဆင်းခွင့်ပြုလိုက်ခြင်း ဖြစ်ကြောင်း ဆေးရုံအုပ်ကြီး ဒေါက်တာစိုးစိုးနိုင် က ပြောသည်။
ကိုဗစ် - ၁၉ ရောဂါပိုး သက်သာပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရရှိသူ(၆)ဦးမှာ ပွင့်ဖြူမြို့နယ် ကျွဲခြံကျေးရွာမှ အသက်(၂၇)နှစ်အရွယ် အမျိုးသမီး(၁)ဦး ၊ အသက်(၂၄)နှစ်အရွယ် အမျိုးသမီး(၁)ဦး ၊ အသက်(၂၀)နှစ်အရွယ် အမျိုးသား(၁)ဦး ၊ အသက်(၁၇)နှစ်အရွယ် အမျိုးသား(၁)ဦး ၊ ပွင့်ဖြူမြို့နယ် ဆင်လူးကျေးရွာမှ အသက်(၂၀) နှစ်အရွယ် အမျိုးသား(၁)ဦးနှင့် ပွင့်ဖြူမြို့နယ် သမန်းရင်းကျေးရွာမှ အသက်(၁၈)နှစ်အရွယ် အမျိုးသမီး(၁) ဦး တို့ ဖြစ်ကြောင်း သိရကာ ယနေ့ မွန်းလွဲပိုင်းက ပွင့်ဖြူမြို့၊ သမ္မာဆန္ဒကရုဏာရှင်များ နာမှုကူညီရေးအသင်းမှ ပရဟိတအဖွဲ့ဝင်များက မော်တော်ယာဉ်ဖြင့် နေအိမ် အရောက် ပို့ဆောင်ပေးခဲ့ပြီး Home Quarantine (၇)ရက် ဆက်လက်နေထိုင် သွားရမည်ဖြစ်ကြောင်း ၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန် ထားရှိသော ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ နေထိုင်သွားရန် မှာကြားခဲ့ ကြောင်း သိရသည်။  
ရဲဝင်းနိုင် ( ညောင်ဦး )