မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မြန်မာလုပ်သားထုကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်သမားဥပဒေများဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲတက်ရောက်

မကွေး ဒီဇင်ဘာ ၂၂

မြန်မာလုပ်သားထုကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်သမားဥပဒေများဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းတွင် မကွေးမြို့၊ စုပေါင်းရုံးအစည်းအဝေးခန်းမ၌ပြုလုပ်ရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဝင်းရှိန်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလုပ်ဌာနကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က နိုင်ငံတော်စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ရာတွင် အသိပညာ၊ အတတ်ပညာ၊ ကျွမ်းကျင်မှုတို့နှင့် ပြည့်စုံသော လူ့စွမ်းအားအရင်းအမြစ်ဖြင့် တည်ဆောက်ရန်လိုအပ်သည့်အတွက် လုပ်သားများ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်သည် အဓိကကဏ္ဍတွင်ပါဝင်ကြောင်း၊ မကွေးတိုင်း ဒေသကြီးအတွင်းရှိ အလုပ်သမားဝန်ကြီးဌာန မိတ်ဖက်ဌာနများမှလည်းစက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများသို့ အလုပ်သမားရေးရာ ဥပဒေဆွေးနွေးပွဲများကို အလုပ်သမားဦးရေ (၁၇၅၆) ဦးအား အသိပညာပေးဆွေးနွေးနိုင်ခဲ့ပြီးဖြစ်ပါကြောင်းနှင့် အလုပ်သမားများ၏ အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုမြင့်မားလာစေရေး၊ လုပ်သားများသင့်လျော်ကောင်းမွန်သည့် အလုပ်အကိုင်ရရှိရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ တည်မြဲစေရေးအတွက် အလုပ်ရှင်၊ အလုပ်သမားများနှင့်  သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားစေလိုကြောင်း ကြောကြားသည်။

ထို့နောက် အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးဝင်းရှိန်က အလုပ်သမားဝန်ကြီးဌာနအနေဖြင့် အရည်အချင်းပြည့်ဝသည့် လုပ်သားအင်အားထု ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်ရေး အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ လုပ်ငန်းခွင်တည်ငြိမ်အေးချမ်းရေး၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ လုပ်ငန်းခွင်မတော်တဆထိခိုက်မှုနှင့် လုပ်ငန်းခွင်ရောဂါရရှိခံစားမှ လျော့နည်းကျဆင်းစေရေး၊ လုပ်သားထု ယှဉ်ပြိုင်နိုင်စွမ်းမြှင့်တင်ပေးနိုင်ရန် လုပ်ငန်းခွင်ကျွမ်းကျင်မှု လေ့ကျင့်သင်ကြားပေးရေးတို့ကို အလုပ်သမားရေးရာ ဥပဒေများနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ပေးနေကြောင်း၊ အလုပ်ရှင်နှင့်လုပ်ငန်းခွင်မှလိုအပ်သည့် ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရန် အလုပ်သမားဝန်ကြီးဌာနအနေဖြင့် လုပ်ငန်းကဏ္ဍအလိုက် သက်ဆိုင်ရာဝန်ကြီးဌာန၊ ပုဂ္ဂလိကအဖွဲ့အစည်းများ၊ ကျွမ်းကျင်ပညာရှင်အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ၂ဝဝ၇ ခုနှစ်မှစ၍ မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (National Skills Standards Authority-NSSA) ကို စတင်ဖွဲ့စည်း၍ အလုပ်အကိုင်နှင့်ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးဥပဒေအရ စည်းကြပ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အလုပ်အကိုင်အလိုက် ကျွမ်းကျင်လုပ်သားများ ပိုမိုမွေးထုတ်ပေးနိုင်ရေး ဆက်စပ်ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ၊ ကျွမ်းကျင်ပညာရှင်များ၊ အလုပ်ရှင်များ၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများနှင့် လူမှုအဖွဲ့အစည်းများ၏ အလေးထားဆောင်ရွက်ပေးနေမှုများကို တက်ရောက်လာသူများမှ ကောင်းစွာနားလည်သဘောပေါက်ပြီး ပူးပေါင်းကူညီဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။

ယင်းနောက် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်လွင်က မြန်မာလုပ်သားထု ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်သမားရေးရာ ဥပဒေဆိုင်ရာကိစ္စများနှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။

အောင်ကို(ပြန်/ဆက်)