ပွင့်ဖြူမြို့နယ်တွင် ကျေးရွာရေကော်မတီဝင်များအား စက်ရေတွင်းထိန်းသိမ်းနည်းနှင့် ရေဖိုးရေခကောက်ခံခြင်းလုပ်ငန်း သင်တန်းဖွင့်လှစ်ပို့ချ

ပွင့်ဖြူ ဒီဇင်ဘာ ၂၂

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ရေရရှိရေးလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် ကျေးရွာများမှ ကျေးရွာရေကော်မတီဝင်များအား စက်ရေတွင်းထိန်းသိမ်းနည်းနှင့် ရေဖိုးရေခကောက်ခံခြင်းလုပ်ငန်း သင်တန်းဖွင့်ပွဲကို ဒီဇင်ဘာ ၂၁ ရက်၊ မွန်းလွဲ ၁ နာရီက အဆိုပါ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြလုပ်ခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် ရှေးဦးစွာ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် သင်တန်းတွင် ဖွင့်လှစ်ပို့ချသင်ကြားပေးမည့် သင်ခန်းစာများကို ရှင်းလင်းဆွေးနွေးပြောကြားသည်။

ထို့နောက် သင်တန်းကို ဖွင့်လှစ်ရာ မြို့နယ်ဦးစီးမှူးနှင့် သင်တန်းနည်းပြများက ကျေးရွာနေပြည်သူများ ရာသီမရွေး သောက်သုံးရေဖူလုံစွာသုံးစွဲနိုင်ရေး စက်ရေတွင်း ရေရှည်တည်တံ့ကောင်းမွန်ရေး စနစ်တကျ ကိုင်တွယ်ထိန်းသိမ်းရမည့် နည်းပညာများ၊ စက်ရေတွင်းမှ ထွက်ရှိသော သောက်သုံးရေအတွက် ရေဖိုးရေခကောက်ခံခြင်းနှင့်ပတ်သက်၍ ငွေစာရင်းဇယားပြုစုထိန်းသိမ်းနည်းနှင့် ရေခွန်ကောက်ခံနည်းစနစ်များကို စာတွေ့လက်တွေ့ စနစ်တကျ ဖွင့်လှစ်ပို့ချသင်ကြား ပေးခဲ့ကြသည်။

အဆိုပါ သင်တန်းကို ပွင့်ဖြူမြို့နယ် ကျွဲတိကျေးရွာနှင့် စံပြကျေးရွာတို့မှ ကျေးရွာရေကော်မတီဝင် ၁၄ ဦး တက်ရောက်သင်ကြားခဲ့ပြီး သင်တန်းအား မွန်းလွဲ ၁ နာရီမှ ညနေ ၄ နာရီအထိ ဖွင့်လှစ်ပို့ချသင်ကြားပေးခဲ့ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်ထံမှ သိရသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)