ပွင့်ဖြူမြို့နယ်၌ ကမ်းပြိုဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများ ပေးအပ်

ပွင့်ဖြူ ဒီဇင်ဘာ ၂၂

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုကြောင့် လူနေအိမ်ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရသည့် ကမ်းပြိုဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ဒီဇင်ဘာ ၂၁ ရက်၊ မွန်းလွဲ ၂ နာရီခွဲက မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပသည်။

ကမ်းပြိုဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများ ပေးအပ်ရာတွင် ဦးစွာ မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌဦးအောင်မြတ်ခိုင်က မြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုကျမှုအန္တရာယ်အပါအဝင် အခြားသော သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်ပြီး ဒေသခံပြည်သူများအနေဖြင့် အသက်အိုးအိမ်စည်းစိမ် ထိခိုက်ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးအတွက် ကြိုတင်၍ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးလုပ်ငန်းများကို အထူးဂရုပြုလုပ်ဆောင်ကြရန် လိုအပ်ကြောင်းနှင့် နယ်မြေအတွင်း သဘာဝဘေးအန္တရာယ်နှင့် ထူးခြားဖြစ်စဉ်များ ဖြစ်ပေါ်လာပါက သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်သတင်းပေးပို့၍ လိုအပ်သောအကူအညီများ ရယူဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားသည်။

ထို့နောက် မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌဦးအောင်မြတ်ခိုင်နှင့် မင်းဘူးခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများက ပွင့်ဖြူမြို့နယ်အတွင်း ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုကြောင့် လူနေအိမ်များ ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ရသည့် နန်းတော်ကျွန်းကျေးရွာအုပ်စု၊ ငှက်တောကုန်းကျေးရွာမှ အိမ်ထောင်စု (၅)စုအတွက် အိမ်ထောင်စုတစ်စုလျှင် လူနေအိမ်ပြောင်းရွှေ့စရိတ် ငွေကျပ်တစ်သိန်းစီနှင့် ကမ်းပြိုဘေးသင့် အိမ်ထောင်စုဝင် ၂၀ ဦးအတွက် တစ်ပတ်စာ ဆန်ရိက္ခာဖိုး ငွေကျပ် ၄၂၀၀၀၊ စုစုပေါင်း ထောက်ပံ့ငွေကျပ် ၅၄၂၀၀၀ အား တာဝန်ရှိသူများထံ အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။   

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)