မကွေးတိုင်ဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးလင်းထွဋ် ဧရာဝတီမြစ်ကြောင်း ရေစီးရေလာကောင်းမွန်စေရေး သဲစုပ်သောင်တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး

မကွေး    ဒီဇင်ဘာ     ၂၂

မကွေးတိုင်ဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးလင်းထွဋ်သည် တိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဌေးအောင်နှင့် ဝန်ထမ်းများ၊ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများ လိုက်ပါ၍ ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်က မကွေးမြို့‌ရှေ့ ဧရာဝတီမြစ်ကြောင်းအတွင်း ရေစီးရေ‌လာကောင်းမွန်စေရေး သဲစုပ်သောင်တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအားကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး လင်းထွဋ်သည် တိုင်းဒေသကြီး‌ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မကွေးမြို့ရှေ့ ဧရာဝတီမြစ်အတွင်း နွေရာသီကာလ ရေကြောင်းကြပ်တည်းသောနေရာများတွင်  ‌ရေစီးရေလာကောင်းမွန်စေရန်နှင့် နွေရာသီကာလ ခြောက်သွေ့မှုများ မဖြစ်ပေါ်စေရေးအပြင် ရေနည်းကာလ ရေယာဉ်ကြီးငယ်များ၊ ကုန်စည်ရေယာဉ်ကြီးများ အဆင်ပြေစွာ ခုတ်‌မောင်းသွားလာနိုင်စေရန်နှင့် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်း မြန်ဆန်ချောမွေ့စေရေး အလျား‌ပေ ၁၉၈၀ ပေ  သဲစုပ်သောင် တူးဖော်ခြင်း လုပ်ငန်းနှင့် တူးလိုင်းအောက်ခြေ အကျယ် ၅၀ ပေ၊ တူးလိုင်း အတွင်း ရေအနက် ရေစစ်မျဉ်းအောက် ၆ ဒသမ ၅ ပေ တူးဖော်ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးရာ တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဌေးအောင်က သဲစုပ်သောင်တူးဖော်ခြင်းလုပ်ငန်းနှင့် စပ်လျဉ်း၍ ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများအား ကဏ္ဍအလိုက် ရှင်းလင်းတင်ပြကာ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများက ဧရာဝတီမြစ်ကြောင်းအတွင်း ရေယာဉ်ဖြင့် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်း ဆောင်ရွက်နေမှုလုပ်ငန်းများအား ရှင်းလင်းတင်ပြ ခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး လင်းထွဋ်က တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ်  ဧရာဝတီမြစ်ကြောင်း ရေစီးရေလာကောင်းမွန်စေရေး သဲစုပ်သောင် တူးဖော်ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းအား  သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးအောင် စနစ်တကျဆောင်ရွက်ရေး၊ ရေကြောင်းကုန်စည် ပို့ဆောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လုပ်ငန်း အခက်အခဲ မရှိစေရေးနှင့် အန္တရာယ်ကင်းစွာ ခုတ်မောင်းသွားလာရေး ကြပ်မတ်ဆောင်ရွက်ရန်နှင့် တရားမဝင် ကုန်စည်ပို့ဆောင်ခြင်းများ မရှိစေရေး အထူးဂရုပြု ဆောင်ရွက်သွားရန် တာဝန်ရှိသူများကို လမ်းညွှန်ကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)