ဖာပွန် အောက်တိုဘာ ၂၆
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံမှူးနှင့် ဒုတိယ မဲရုံမှူးများအားရွေးကောက်ပွဲဆိုင်ရာ သင်တန်းဖွင့်လှစ်ပို့ချခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ကျင်းပပြုလုပ်လျက် ရှိကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစောဘူးသောက သင်တန်းဖွင့် အမှာစကားပြောကြားရာတွင် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့၀င်များ၏ တာ၀န်၀တ္တရားများ အကြောင်းကို ရှင်းလင်းပြောကြားပြီး သင်ခန်းစာများအား ဆက်လက်ပို့ချရာ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးဇော်မင်းထွန်းက "မဲရုံပိတ်ခြင်းနှင့်မဲရေတွက်ခြင်း၊ ခိုင်လုံမဲ၊ ပယ်မဲသတ်မှတ်ချက်များနှင့် နမူနာပုံစံများ၊ မဲရေတွက်ခြင်းလုပ်ငန်းစဉ် အဆင့်ဆင့်၊ ရေတွက်ရရှိသော ဆန္ဒမဲရလဒ်များ" အကြောင်းကိုလည်းကောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ၀င် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာ ငြိမ်းချမ်းမောင်မောင်က "အထွေထွေရွေးကောက်ပွဲကျင်းပရာတွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများနှင့် အညီ ဆောင်ရွက်ရမည့် စံလုပ်ငန်း လမ်းညွှန်-အပိုင်း(၂)" အကြောင်းကိုလည်းကောင်း၊ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင် ဒေါ်အေးမြင့်သန်းက "မဲရုံအဖွဲ့ဝင်များ ခန့်အပ်ခြင်း၊ မဲရုံအဖွဲ့တာဝန်များ၊ မဲရေတွက်ခြင်းနှင့် မဲရလဒ်ဆိုင်ရာသတိပြုရန် အချက်များ၊ မဲရုံအခင်း အကျင်း ကြိုတင်ပြင်ဆင်မှုများ" အကြောင်းကိုလည်းကောင်း၊ ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲခွဲအဖွဲ့ဝင် ဒေါ်ခင်အေးမူက" မဲပေးခြင်းလုပ်ငန်းစဉ် အဆင့်ဆင့်၊ မဲရုံပိတ်ခြင်းနှင့်ဖွင့်ခြင်း၊ မဲပေးခြင်းလုပ်ငန်းစဉ်အတွက် စစ်ဆေးရမည့်အချက်များ "အကြောင်းကိုလည်းကောင်း အသီးသီးပို့ချခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်လျက်ရှိပြီး ယနေ့သင်တန်းတွင် ဖာပွန်မြို့ရှိ မဲရုံ ၁၄ ရုံမှ မဲရုံမှူးနှင့် ဒုတိယမဲရုံမှူး (၂၈)ဦး တက်ရောက်လျက်ရှိကြောင်း၊ ကမမောင်းမြို့ရှိ မဲရုံ ၁၁ ရုံမှ မဲရုံမှူးနှင့်ဒုတိယမဲရုံမှူး(၂၂)ဦးတို့အား ၂၇-၁၀-၂၀၂၀ ရက်နေ့တွင် ဆက်လက်သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်း ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
စိုင်းကျော်ဝဏ္ဏ၊တိုးဝေဇင်(ပြန်/ဆက်)