မင်းဘူး ဒီဇင်ဘာ ၂၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ မြန်မာ့စီးပွားရေးဘဏ်၌ မြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းပင်စင်စား အငြိမ်းစားဝန်ထမ်းများအတွက် ပင်စင်လစာငွေများကို ယနေ့နံနက်ပိုင်းမှ စတင်ပြီး ပုံမှန်ထုတ်ပေးလျက်ရှိရာအဆိုပါ ပင်စင်လာရောက်ထုတ်ယူကြသူများအား ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများစုပေါင်း၍ စတုဒီသာအဖြစ် ကြက်သားဆန်ပြုတ်များဖြင့် ဧည့်ခံကျွေးမွေးလှူဒါန်းခဲ့သည်။
မင်းဘူးမြို့ မြန်မာ့စီးပွားရေဘဏ်မှ ဝန်ထမ်းများက မြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းပင်စင်စား အငြိမ်းစားဝန်ထမ်း ဦးရေ ၃၀၀၀ ကျော်အား လစဉ် ၂၁ ရက်နေ့မှ စတင်ပြီး လကုန်အထိ အစီအစဉ်တကျ ထုတ်ပေးလျက်ရှိကြောင်း၊ ပင်စင်လစာထုတ်ပေးသည့် ပထမဆုံးရက်တွင် ရပ်နီးရပ်ဝေးမှ ပင်စင်လာရောက်ထုတ်ယူသူ များပြားလျက်ရှိပြီး အချိန်ကြန့်ကြာမှုများမရှိစေရေး စနစ်တကျ စီစဉ်ကြပ်မတ်၍ ဘဏ်ဝန်ထမ်းများက ဝိုင်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း မင်းဘူးမြို့ မြန်မာ့စီးပွားရေဘဏ်မှ တာဝန်ရှိသူတစ်ဦးထံက သိရသည်။
မောင်မောင် (မင်းဘူး)