ရေနံချောင်းမြို့မဈေးကြီး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက်‌လေ့ကျင့်

ရေနံချောင်း ဒီဇင်ဘာ ၂၁

မကွေးတိုင်းဒေသကြီး ချောက်ခရိုင် ရေနံချောင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးကြီး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့မွန်းလွဲ ၃ နာရီက အဆိုပါဈေးကြီးတွင် ဆောင်ရွက်ခဲ့သည်။

မီးဘေးအန္တရာယ်ကြောင့် ပြည်သူများ၏ အသက်အိုးအိမ်စည်စိမ်များ ဆုံးရှုံးမှုမရှိစေရန်နှင့် အချိန်မီ ငြိမ်းသတ်နိုင်ရန် ရည်ရွယ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးကြည်စိုးဟန်နှင့် သန္ဓေတပ်ဖွဲ့ဝင်များက မီးငြိမ်းသတ်ယာဉ် (၁)စီး၊ မီးသတ်ရေသယ်ယာဉ် (၁)စီး၊ ရေနံမြေမီးသတ်တပ် တပ်ဖွဲ့ဦးစီးနှင့် အဖွဲ့က မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များက လူနာတင်ယာဉ် (၁)စီး၊ မြို့မဈေးမီးသတ်တပ်ဖွဲ့ဝင်များ၊ အဖြူရောင်ပရဟိတ အဖွဲ့မှ ရေသယ်ယာဉ် (၁)စီးတို့ဖြင့် မီးလောင်မှုငြှိမ်းသတ်သရုပ်ပြခြင်း၊ ဆီမီးငြှိမ်းသတ်ခြင်း၊ မီးလောင်မှုအတွင်း ပိတ်မိနေသည့် လူနာများအား ကယ်ထုတ်ခြင်းတို့ကို ဇာတ်တိုက် လေ့ကျင့်ခဲ့သည်။

အဆိုပါ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက်‌လေ့ကျင့်ခြင်းကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇင်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမျိုးနိုင်၊ မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးဇော်ဇော်အောင်တို့က ကြည့်ရှုအားပေးခဲ့ပြီး မြို့မဈေးကြီးအတွင်း ဈေးဆိုင်များ စနစ်တကျမီးသုံးစွဲမှုရှိ မရှိ၊ မြို့မဈေးကြီးတွင် ဆောင်ရွက်ထားရှိသည့် အရေးပေါ် မီးသတ်ရေပိုက်များနှင့် စက်ကိရိယာများ ကောင်းမွန်မှုရှိ မရှိ၊ ရေသိုလှောင်ကန်များ လုံလောက်မှုရှိ မရှိတို့ကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်