ပခုက္ကူခရိုင်အတွင်းရှိ နိုင်ငံတော်ဩဝါဒစရိယဆရာတော်ကြီးများအား ကျန်းမာရေးစစ်ဆေးမှုလုပ်ငန်း ဆက်လက်ဆောင်ရွက်

ပခုက္ကူ ဒီဇင်ဘာ ၂၁

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အတွင်းရှိ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဆရာတော်ကြီးများ၊ နိုင်ငံတော်ဩဝါဒစရိယဆရာတော်ကြီးများ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော်ကြီးများ၊ တိုင်းဒေသကြီးသံဃနာယက ဆရာတော်ကြီးများနှင့် ထေရ်ကြီးဝါကြီးဆရာတော်ကြီးများအား ပခုက္ကူမြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၌ ကျန်းမာရေးစစ်ဆေးမှုလုပ်ငန်းကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က ဆက်လက်ဆောင်ရွက်ကြသည်။

အဆိုပါကျန်းမာရေးစစ်ဆေးမှုကို ကျန်းမာရေးဝန်ကြီးဌာန၏ ကြီးကြပ်ညွှန်ကြားမှုဖြင့် ပခုက္ကူမြို့၊ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဝေဝေဦး ဦးဆောင်၍ ဆေးပညာ၊ ခွဲစိတ်၊ မျက်စိ၊ အရိုး၊ ဓာတ်မှန်၊ ရောဂါဗေဒနှင့် စိတ်ကျန်းမာရေးဆိုင်ရာ အထူးကုဆရာဝန်ကြီးများ၊ လက်ထောက်အထူးကုဆရာဝန်ကြီးများ၊ ဆေးဘက်ကျွမ်းကျင်ဝန်ထမ်းများနှင့် အထောက်အကူပြုဝန်ထမ်းများ ပူးပေါင်းပြီး ပခုက္ကူခရိုင်အတွင်းရှိ  နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဆရာတော်ကြီးများ၊ နိုင်ငံတော်ဩဝါဒစရိယဆရာတော်ကြီးများ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော်ကြီးများ၊ တိုင်းဒေသကြီးသံဃနာယက ဆရာတော်ကြီးများအား  ကျန်းမာရေးဆိုင်ရာ အထွေထွေစမ်းသပ်ကုသပေးခြင်း၊ သွေးဖောက်စစ်ဆေးပေးခြင်း၊ ဓာတ်မှန်ရိုက်ကုသပေးခြင်း၊ မျက်စိစမ်းသပ်ကုသပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ကြသည်။

ထိုသို့ကျန်းမာရေးစစ်ဆေးမှုအား ပခုက္ကူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးအောင်၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး မျိုးဝင်းလှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးမိုးနှင့်အဖွဲ့ဝင်များ၊ ခရိုင်သာသနာရေးဦးစီးမှူး ဦးကျင်ရွှေနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)