ပခုက္ကူတက္ကသိုလ်၌ မူးယစ်ဆေးဝါးအန္တရာယ်နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ပခုက္ကူ ဒီဇင်ဘာ ၂၁

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ မူးယစ်ဆေးဝါးအန္တရာယ်နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က အဆိုပါတက္ကသိုလ်၊ ကွန်းရွှေဝါခန်းမတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပခုက္ကူတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်က ဟောပြောပွဲကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များအကြောင်း ရှင်းလင်းပြောကြားပြီး ပခုက္ကူမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ မြို့မစခန်းမှူး ဒုတိယရဲမှူး အောင်ကျော်စိုးက “မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအကြောင်း၊ မူးယစ်ဆေးဝါးအဓိပ္ပါယ်၊ မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါးပြဿနာနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ၊ မူးယစ်ဆေးဝါးသုံးစွဲပုံနည်းလမ်းများနှင့် နောက်ဆက်တွဲဆိုးကျိုးများ၊ တားဆီးကာကွယ်ရေးနည်းလမ်းများအကြောင်း၊ အမှတ်(၁၇) ယာဉ်ထိန်းရဲတပ်ဖွဲ့စု(ပခုက္ကူခရိုင်ရုံး)မှ ရဲအုပ်အောင်တင်က “ယာဉ်တိုက်မှုဖြစ်ပွားရသည့် အကြောင်းရင်းများ၊ ယာဉ်တိုက်မှုဖြစ်ပွားရာတွင် အရေးယူဆောင်ရွက်နိုင်သည့် ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မများနှင့်ပြစ်ဒဏ်များ၊ မော်တော်ယာဉ်နှင့် ဆိုင်ကယ်မောင်းနှင်ခြင်း၊ စီးနင်းခြင်းတို့တွင် လိုက်နာဆောင်ရွက်ရမည့် အချက်များအကြောင်းတို့ကို အသီးသီး ရှင်းလင်းပြသဟောပြောကြသည်။

ထို့နောက် ပခုက္ကူတက္ကသိုလ်၊ ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်နှင့် ဒုတိယပါမောက္ခချုပ်များ၊ ဘာသာရပ်ဌာနများမှ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက မူးယစ်ဆေးအန္တရာယ်နှင့်ပတ်သက်၍ မေးမြန်းမှုများအပေါ် ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဖြေကြားပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)